
ဗလင်စီယာ အရှုံးအတွက် မိမိတွင် တာဝန်ရှိကြောင်း ဇီဒန်း ပြောကြား
ဇီဒန်းက တနင်္ဂနွေနေ့တုန်းက ဗလင်စီယာကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်မှုအတွက် မိမိတွင် အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားလိုက်သည်။ ဗလင်စီယာ ရှုံးပွဲမှာ ဇီဒန်းအတွက် ရီးရဲလ်မက်ဒရစ်နည်းပြဘဝတွင် အဆိုးရွားဆုံး ရှုံးပွဲလည်း ဖြစ်သည်။
ဗလင်စီယာသည် ရီးရဲလ်မက်ဒရစ်အား ၄-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီမှ ၃ ဂိုး ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ဗလင်စီယာအတွက် ပင်နယ်တီ သုံးဂိုး သွင်းယူခဲ့သည့် ကားလို့စ် ဆိုလာသည် ၂၁ ရာသီတွင် လာလီဂါတစ်ပွဲတည်းတွင် ပင်နယ်တီဟက်ထရစ်သွင်းနိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ဘန်ဇီးမား၏ ဦးဆောင်ဂိုးကို ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း ပင်နယ်တီ သုံးကြိမ်၊ ဗာရိန်း၏ Own Goal တို့ကြောင့် ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက ဘာစီလိုနာကို ၅-၁ ဖြင့် ရှုံးနိမ့်ရပြီးနောက် လာလီဂါတွင် ပထမဆုံးအကြိမ် လေးဂိုးပေးခဲ့ရခြင်းလည်း ဖြစ်သည်။ ယင်းပွဲရလဒ်ကြောင့် နည်းပြလိုပီတီဂူမှာ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ဇီဒန်းက “ပင်နယ်တီသုံးလုံး၊ Own Goal တစ်ဂိုး။ အရမ်းများလွန်းတယ်။ ကျွန်တော့် အမှားကြောင့်ပါ။ ကျွန်တော်က နည်းပြတစ်ဦး ဖြစ်လို့ အပြည့်အဝ တာဝန်ရှိပါတယ်။ အဖြေ ရှာသွားပါမယ်။ ဆိုးရွားတဲ့နေ့တစ်နေ့ပါပဲ။ ခံစစ်ပိုင်း ပိုကောင်းအောင် လုပ်ရပါမယ်။ ဗလင်စီယာရဲ့ နည်းစနစ်ပိုင်း ကျွန်တော်တို့ထက် ပိုကောင်းတယ်လို့ မထင်ပါဘူး။ တာထွက်ကောင်းခဲ့တယ်။ ဂိုးရပြီးတော့ အားလုံးပြောင်းလဲသွားတော့တယ်။ နားလည်နိုင်ဖို့လည်း ခက်ခဲတယ်။ သူတို့ဂိုးသွင်းပြီးတဲ့အချိန်မှာ ကျွန်တော်တို့ အဖြေရှာခဲ့သင့်တယ်”ဟု ပြောကြားခဲ့သည်။