ဗန်ဒီဘိခ် ပွဲကစားရချိန်နည်းပါးမှုအတွက် ယူနိုက်တက်ကို အေးဂျင့် ဝေဖန်

ဒွန်နီဗန်ဒီဘိခ်၏အေးဂျင့်သည် နယ်သာလန်လက်ရွေးစင်အလယ်တန်း ကစားသမားအား ပွဲချိန်များစွာ အသုံးပြုခြင်း မရှိမှုအတွက် မန်ချက်စတာယူနိုက်တက်ကို ဝေဖန် အပြစ်တင်လိုက်သည်။

ဗန်ဒီဘိခ်သည် နွေရာသီတွင် အေဂျက်စ်မှ ပေါင်သန်း ၄၀ ဖြင့် ရောက်လာသူ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ်တွင် တစ်ပွဲမျှ ပွဲထွက်ခွင့် မရရှိသေးချေ။

အသက် ၂၃ နှစ်ရှိ ကစားသမားသည် ပရီးမီးယားလိဂ် ၂ ပွဲတွင် အရန်အဖြစ်သာ ပါဝင်ကစားထားရပြီး လူတန်တောင်းနှင့် ကာရာဘောင်းဖလားပွဲတွင်သာ ပွဲထွက်ကစားခွင့်ရထားသည်။ သူသည် ပဲလေ့စ်အား ၃-၁ ဖြင့် ရှုံးနိမ့်သည့်ပွဲတွင် လူစားဝင်ရောက်ကစားပြီးနောက် ချေပဂိုးအား သွင်းနိုင်သည်။ သူသည် ယူနိုက်တက်အတွက် ပထမဆုံးကစားရသည့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

အေးဂျင့်ဆာဂျက်ခ်ဆွတ်က “လူစားဝင်မှု။ လုံးဝကို မကြိုက်ဘူး။ ပွဲပြီးခါနီး လေးမိနစ်လောက်မှာ လူစားဝင်ကစားတာထက် အရန်ခုံမှာ ထိုင်နေရတာက  ပိုတောင် ကောင်းပါဦးမယ်။ သူ သုံးခု ကောင်းကောင်းလုပ်ပြထားပြီးပါပြီ(ဘရိုက်တန်ပွဲ)။ ပင်နယ်တီပါ။ သူ့ကြောင့် ရတာပါ။ အဲဒီကနေ အနိုင်ဂိုး ရသွားတယ်။ ပြောရရင် ၁-၇ နဲ့တောင်ရှုံးနိုင်တယ်။ ငါးကြိမ်တိုင်ထိသွားလို့။ ဘရိုက်တန်က အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ဒါမျိုးက မန်ချက်စတာယူနိုက်တက်မှာ မဖြစ်သင့်တဲ့အရာပါ”ဟု ပြောကြားသွားသည်။

ယူနိုက်တက်သည် ယခုနွေရာသီတွင် ဗန်ဒီဘိခ်တစ်ဦးတည်းကိုသာ ခေါ်ယူထားမှုအတွက် ပရိသတ်များ၏ ဝေဖန်မှု ခံနေရသည့်အသင်းလည်း ဖြစ်သည်။ ၎င်းတို့သည် ဒေါ့မွန်မှ အင်္ဂလန်လက်ရွေးစင်တောင်ပံ တိုက်စစ်သမား ဆန်ချိုအား ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း အောင်မြင်မှုမရသေးချေ။

Facebook Comments Box
Facebook Comment