ဗန်ဒီဘိခ်မှာ အလွန်ပါးနပ်သူ ဖြစ်ကြောင်း မာတာ ချီးကျူး

ဂျူအန်မာတာက ဒွန်နီဗန်ဒီဘိခ်မှာ အလွန်ပါးနပ်သည့် ဖန်တီးသူတစ်ဦး ဖြစ်ကြောင်း ချီးကျူး ပြောကြားလိုက်သည်။ အေဂျက်စ်မှ ပေါင်သန်း ၄၀ ဖြင့် မန်ချက်စတာယူနိုက်တက်သို့ ရောက်လာခဲ့သည့် ဗန်ဒီဘိခ်သည် မနေ့ညတုန်းက ဘရိုက်တန်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ယူနိုက်တက်၏ ဒုတိယဂိုးအား မာတာ သွင်းယူနိုင်အောင် ဖနောင့်ဖြင့် ပေါက်ကာ လှပစွာဖန်တီးခဲ့သူလည်း ဖြစ်သည်။

ယူနိုက်တက်သည် ပထမပိုင်းတွင် မာတာ၏ ဖရီးကစ်မှ မက်တိုမီနေး ခေါင်းတိုက် သွင်းယူသည့် ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ မာတာသည် ယူနိုက်တက်အတွက် နောက်ဆုံး ၁၅ ကြိမ် ပွဲထွက်ရာတွင် ဂိုးသွင်း/ဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီဖြစ်သည်။ မာတာသည် ဒုတိယပိုင်းတွင် ဗန်ဒီဘိခ်၏ ဖနောင့်ဖြင့် ပေါက် ဖန်တီးမှုမှ တဆင့် မန်ယူအတွက် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ယူနိုက်တက်အတွက် တတိယဂိုးကို ပေါ့ဘာက ဖရီးကစ်မှ သွင်းယူခဲ့သည်။ မာတာသည် တစ်ဂိုးသွင်းကာ တစ်ကြိမ်ဖန်တီးနိုင်မှုကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

မာတာက “အရမ်းကို ပါးနပ်တဲ့ ဖန်တီးမှုပါ။ သူက အရမ်းကို ပါးနပ်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူနဲ့တွဲကစားရတာ ကြိုက်တယ်။ သူက နေရာလွတ်နဲ့ဟာကွက်တွေကို ရှာနိုင်စွမ်း ရှိတယ်။ သူက ကျွန်တော့်အကြိုက်ပုံစံမျိုးနဲ့ ဘောလုံးကို နားလည်ထားတယ်။ ဒါကြောင့်လည်း ဝမ်းတူး၊ ဘောလုံးပို့၊ ရွှေ့လျားပြီး ဂိုးသွင်းနိုင်ခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားဦးဆောင်သည့် ယူနိုက်တက်သည် လာမည့် တနင်္ဂနွေနေ့တွင် စပါးစ်ကို ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment