ဗန်ဒီဘိခ်မှာ ယူနိုက်တက်၏ သောမတ်စ်မူလာ လက်သစ် ဖြစ်လာနိုင်ကြောင်း ဟားဂရေ့ဗ် ပြောကြား

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ဒွန်နီ ဗန်ဒီဘိခ်မှာ ယူနိုက်တက် ပထမအသင်းတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်လာမည်ဟု အပြည့်အဝ ယုံကြည်ကြောင်းနှင့် ဒတ်ချ် လက်ရွေးစင် ကစားသမားမှာ ဘိုင်ယန်ဂန္ထဝင်ကစားသမားသောမတ်စ်မူလာကဲ့သို့ လုပ်ဆောင်လာနိုင်ကြောင်း ပြောကြားလိုက်သည်။

နွေရာသီတွင် အေဂျက်စ်မှ အိုးထရက်ဖို့ဒ်သို့ ရောက်လာခဲ့သည့် ဗန်ဒီဘိခ်သည် ယခုရာသီတွင် ယူနိုက်တက်၏ ပရီးမီးယားလိဂ်ပွဲများတွင် ပွဲထွက် ကစားခွင့် ရရှိထားခြင်း မရှိသေးချေ။ သို့ရာတွင် သူသည် ဗုဒ္ဓဟူးနေ့တုန်းက လိုက်ဇစ်ကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပွဲထွက် ကစားခွင့် ရရှိခဲ့သည်။

သူသည် လိုက်ဇစ်နှင့်ပွဲတွင် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ခြင်း မရှိသော်လည်း အမှားအယွင်းနည်းစွာဖြင့် ယူနိုက်တက်ကွင်းလယ်တွင် ကစားသွားနိုင်ခဲ့သည်။

ဟားဂရေ့ဗ်က ဗန်ဒီဘိခ်မှာ အချိန်အတိုင်းအတာ တစ်ခု ပြီးလျှင် ဆိုးလ်ရှား၏ အစီအစဉ်တွင် အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်လာမည်ဟု ပြောကြားလိုက်သည်။

ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း ဟားဂရေ့ဗ်က “သူ့ကို အရမ်းကောင်းတဲ့ ကစားသမားတစ်ဦးလို့ ထင်ပါတယ်။ သူ့ကို ဒါကို ပြသနိုင်တဲ့ အခွင့်အရေး မရခဲ့ပါဘူး။ သူက ဘိုင်ယန်မြူးနစ်အတွက် သောမတ်စ်မူလာ လုပ်သလိုမျိုး လုပ်ပြလာနိုင်ပါတယ်။ လူတိုင်းက သောမတ်စ်မူလာကို အသင်းမှာ မပါဝင်နိုင်အောင် ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် သူ ပြန်ပါဝင်လာချိန်မှာ ဂိုးနဲ့ ဖန်တီးမှုတွေအတွက် သူ့ကို ထွက်ခွာစေလို့ မရတော့ပါဘူး။ သူက တကိုယ်တော်စိတ်ကင်းတယ်။ ဘောလုံးနဲ့ ပြိုင်ဘက်ကို ဖိနိုင်တယ်။ သူက အလယ်တန်း သုံးယောက်တန်းမှာလည်း ကစားနိုင်သလို ကျောနံပါတ် ၈ အဖြစ်သော်လည်း ကျောနံပါတ် ၁၀ အဖြစ်ပါ ကစားနိုင်တယ်။ သူ အသင်းမှာ ပါဝင်လာပြီဆိုရင်တာ အိုလီ(ဆိုးလ်ရှား)အနေနဲ့ သူ့ကို လူစာရင်းမှာ ချန်လှပ်ထားဖို့ အရမ်းခက်ခဲလာပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ချဲလ်ဆီးနှင့် လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ကာ လိုက်ဇစ်အား ရင်ဆိုင်ခဲ့သည်။ ယင်းပွဲတွင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် လူစားဝင် ရောက်လာပြီးနောက် ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းခဲ့သလို မာဆင်ဂရင်းဝုဒ်နှင့် မာရှယ်တို့ကလည်း ဂိုးသွင်းနိုင်ခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ချန်ပီယံလိဂ်တွင် လူစားဝင်ရောက်လာပြီးနောက် ဟက်ထရစ်သွင်းယူနိုင်သည့် ၅ ဦးမြောက် ကစားသမားဖြစ်လာခဲ့သည်။ ထို့အပြင် သူသည် ယူနိုက်တက်သမိုင်းတွင် ဆိုးလ်ရှားပြီးနောက် အရန်အဖြစ် လူစားဝင်လာပြီး နောက် ဟက်ထရစ်သွင်းနိုင်သည့် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။

Facebook Comments Box
Facebook Comment