ဗန်ဒီဘိခ်ကြောင့် မန်ယူ အလယ်တန်း ပြီးပြည့်စုံလာပြီဟု ဆိုးလ်ရှား ပြောကြား

မန်ယူသည် နယ်သာလန် လက်ရွေးစင် အလယ်တန်းကစားသမား ဒွန်နီဗန်ဒီဘိခ်အား အေဂျက်စ်မှ ပေါင် ၃၅ သန်းဖြင့် ၅ နှစ်စာချုပ်ချုပ်ဆို ခေါ်ယူလိုက်သည်။ မန်ယူသည် ဗန်ဒီဘိခ်၏ခြေစွမ်းနှင့်အောင်မြင်မှုအပေါ် မူတည်ကာ အေဂျက်စ်ထံသို့ ပေါင် ၅ သန်း ထပ်ပေးရပါမည်။

အသက် ၂၃ နှစ်ရှိ ဗန်ဒီဘိခ်သည် အေဂျက်စ်အတွက် ၁၇၅ ပွဲကစားကာ ၄၁ ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီတုန်းက ချန်ပီယံလိဂ်ဆီမီးသို့ တက်ရောက်နိုင်အောင် အဓိကနေရာမှ စွမ်ဆောင်ခဲ့သူလည်းဖြစ်သည်။

သူသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် မန်ယူအတွက် ပထမဆုံးပွဲကို ကစားနိုင်သည်။

ဗန်ဒီဘိခ်သည် ယခုနွေရာသီတွင် မန်ယူ ခေါ်ယူလိုက်သည့် ပထမဆုံး ကစားသမားလည်း ဖြစ်သည်။

ဗန်ဒီဘိခ်က “အင်မတန်အံ့ဩစရာကောင်းတဲ့သမိုင်းကြောင်း ပိုင်ဆိုင်ထားတဲ့ ကလပ်တစ်ခုသို့ ပြောင်းခွင့်ရတဲ့ ခံစားချက်က ဖော်မပြတတ်အောင်ပါပဲ။ ကျွန်တော့် ကစားသမားဘဝရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ပြီးတော့ထိပ်တန်းအဆင့်မှာ ခြေစွမ်းပြဖို့လည်း အသင့်ပါပဲ။ မန်ယူမှာ ကစားရတာထက် မြင့်တာ မရှိပါဘူး။ ဒီအသင်းမှာ ကမ္ဘာ့အကောင်းဆုံး အလယ်တန်း ကစားသမားအချို့ ရှိထားပြီး ဖြစ်ပါတယ်။ သူတို့ဆီကနေ သင်ယူနိုင်ပါမယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့အားသာချက်ကို အသင်းအတွက် ယူဆောင်လာပါမယ်။ မန်နေဂျာနဲ့ ကလပ်နဲ့ပတ်သက်ပြီး သူ့အမြင်၊ ကလပ်ဦးတည်ချက်တို့နဲ့ပတ်သက်ပြီး စကားပြောပြီးပါပြီ။ အင်မတန် စိတ်လှုပ်ရှားဖို့ကောင်းတဲ့အနာဂတ်ဆီသို့ သွားနေတဲ့ ဒီကလပ်ရဲ့ အစိတ်အပိုင်း အဖြစ် ကစားခွင့်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ”ဟု ပြောကြားသွားသည်။

မန်ယူနည်းပြဆိုးလ်ရှားကလည်း “ဒွန်နီမှာ ဒီအသင်းမှာ ကစားနိုင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာအရည်အချင်း အားလုံးရှိပါတယ်။ ပြီးတော့ မန်ယူမှာ အောင်မြင်မှု ရယူနိုင်တဲ့ ပုဂ္ဂိုလ်ရေးပိုင်းကလည်း ရှိထားပြီး ဖြစ်ပါတယ်။ သူက ပြိုင်ဘက် နေရာလွတ်ကို မြင်နိုင်တဲ့သူ၊ သူ့ရဲ့ပွဲကို သုံးသပ်နိုင်မှုနဲ့လှုပ်ရှားမှုတို့က ကျွန်တော်တို့အလယ်တန်းကို ပြီးပြည့်စုံလာစေပါမယ်။ သူရောက်လာမှုကြောင့် အလယ်တန်းကပိုပြီးတော့တောင့်တင်းလာပြီဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ဗန်ဒီဘိခ်သည် မန်ယူအသင်းတွင် ကျောနံပါတ် ၃၄ ကို ဝတ်ဆင်ကစားသွားသည်။ သူသည် ၂၀၁၇ ခုနှစ်တုန်းက ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း နှလုံးရောဂါဖောက်ကာ ဦးနှောက်ထိခိုက်ပြီး သေသွားသွားခဲ့သည့် ကစားဖော်အက်ဘ်ဒယ်ဟက်နူရီအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၃၄ ကို ဝတ်ဆင်သွားမည် ဖြစ်သည်။

မန်ယူသည် ဒေါ့မွန်မှ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေသော်လည်း ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် အဆင်မပြေဖြစ်နေသည်။

Facebook Comments Box
Facebook Comment