ဗန်ဒိုက်၏ ဒဏ်ရာခွဲစိတ်မှု အောင်မြင်ကြောင်း လီဗာပူးလ် ကြေညာ

ယခုလ ၁၇ ရက်က ကစားခဲ့သည့် မာဆေးဆိုက်ဒ် ဒါဘီပွဲတွင် အဲဗာတန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကြောင့် ဒူးဒဏ်ရာ ရရှိခဲ့သော နောက်ခံလူ ဗာဂေးလ်ဗန်ဒိုက်၏ ဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း လီဗာပူးလ်အ သင်းက ကြေညာသည်။

သို့သော်လည်း ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ကလပ်က ခွဲစိတ်မှု အသေးစိတ်အခြေအနေနှင့် အခြား အခြေအနေများကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

နယ်သာလန်လက်ရွေးစင် ဗန်ဒိုက်သည် ဂိုးသွင်းရန် ကြိုးစားစဉ် ပစ်ဖို့ဒ်၏ ခြေစုံပစ် ဖျက်ထုတ်ပုံကြောင့် ဆေးကုသမှု ခံယူခဲ့သော်လည်း သက်သာခြင်းမရှိ၍ ပွဲအစ ၆ မိနစ်မှာပင် လူစားလဲခဲ့ရသည်။

အစောပိုင်း ထွက်ပေါ်လာသော သတင်းများအရ လီဗာပူးလ်နောက်တန်း၏ အဓိကကျောက်ဆောင်ဟု သတ်မှတ်ခံထားရသော ဗန်ဒိုက်အနေဖြင့် ဒဏ်ရာကြောင့် ယခု ဘောလုံးရာသီ ကုန်သည်အထိ အနားယူရမည်ဟု သိရသည်။

ထိုအခြေအနေအပေါ် ပရိသတ်အချို့က ပစ်ဖို့ဒ်ကို လူမှုကွန်ရက်မှ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သောကြောင့် အင်္ဂလန် လက်ရွေးစင် ဂိုးသမားသည် ၎င်းနှင့် မိသားစုဝင်များ၏ လုံခြုံရေးအတွက် သက်တော်စောင့်များ ဌားရမ်းရသည်အထိ ဖြစ်ခဲ့သည်။

လန်ဒန်တွင် ပြုလုပ်သော ခွဲစိတ်ကုသမှုနှင့် ပတ်သက်၍ လီဗာပူးလ်က “ဗာဂေးလ်ဗန်ဒိုက်ဟာ ဒီလ အစောပိုင်းအတွင်းက ရရှိခဲ့တဲ့ သူ့ကိုဒုက္ခပေးနေတဲ့ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆေးအဖွဲ့ရဲ့ပံ့ပိုးမှုတွေကြောင့် သူဟာ လက်ရှိအချိန်မှာ ပြန်လည်သန်စွမ်းလာရေး စတင်လုပ်ဆောင်ဖို့ အာရုံစိုက်ခွင့် ရရှိပါပြီ” ဟု ကြေညာချက် ထုတ်ပြန်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment