ဗန်ဒိုက်၏နေရာအစားထိုးရန် အူပါမီကာနိုနှင့် ရူဒီဂါတို့ကို လီဗာပူးလ် ရွေးချယ်ထား

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်သည် အဲဗာတန်နှင့်ပွဲတွင် ခြေထောက်ဒဏ်ရာရကာ ကာလရှည်အနားယူရမည့် နယ်သာလန် နောက်ခံလူ ဗာဂေးလ်ဗန်ဒိုက်၏ နေရာအတွက် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုနှင့် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါတို့ကို ခေါ်ယူရန် ရွေးချယ်ထားကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။

အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၏ ကြမ်းတမ်းသော ဖျက်ထုတ်ပုံကြောင့် ဗန်ဒိုက်သည် ဒူးအရွတ်ကြော စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ယခုရာသီ ပွဲအတော်များများကို လွဲချော်ရဖွယ်ရှိနေရာ လီဗာပူးလ်အနေဖြင့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း ဗဟိုခံစစ် နေရာအတွက် မဖြစ်မနေ ခေါ်ယူရတော့မည် ဖြစ်သည်။

ဂျာဂင်ကလော့ပ်သည် လိုက်ပ်ဇစ်မှ ပြင်သစ်လက်ရွေးစင် အူပါမီကာနိုကို စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးမှ ဂျာမန်နောက်ခံလူ ရူဒီဂါကိုလည်း အကြိုက်တွေ့နေပြီး လာမည့် ဇန်နဝါရီတွင် ဦးစားပေးခေါ်ယူရန် သတ်မှတ်ထားသည်။

အသက် ၂၁ နှစ်အရွယ် အူပါမီကာနိုကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားနေရာ လီဗာပူးလ်အနေဖြင့် မန်ချက်စတာ အခြေစိုက်ကလပ်နှင့် အပြိုင်ကြိုးစားရဖွယ် ရှိနေသည်။

အသက် ၂၇ နှစ်အရွယ် ရူဒီဂါသည် ယခုဘောလုံးရာသီတွင် ချဲလ်ဆီးအတွက် တစ်ပွဲမှ ကစားခွင့်မရသေးသလို နည်းပြ ဖရန့်လမ်းပတ်နှင့်လည်း ဆက်ဆံရေး ဆိုးရွားနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အကယ်၍ ဦးစားပေးပစ်မှတ် အူပါမီကာနိုနှင့် ရူဒီဂါတို့ကို မခေါ်ယူနိုင်ပါက ဒုတိယအဆင့်အနေဖြင့် ဘရိုက်တန် နောက်ခံလူ ဘင်ဝှိုက်နှင့် ရှော်လ်ကေးမှ တူရကီနောက်ခံလူ အိုဇန်ကာဘက်တို့ကို ခေါ်ယူရန် ပြင်ဆင်ထားသည်ဟု သိရသည်။

Ref:dailymail

Facebook Comments Box
Facebook Comment