ဗန်ဒိုက်မှာ ပျင်းရိလေးတွဲ့ပြီး မာနကြီးသော ကစားသမားဟု ရော်နယ်ကိုးမန်း ဆို

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက လီဗာပူးလ်နောက်ခံလူ ဗာဂေးလ်ဗန်ဒိုက်ကို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူများထဲ တစ်ဦးအပါအဝင် ဖြစ်သည်ဟု ထင်မြင်ယူဆထားသော်လည်း ယခင်ကမူ ၎င်း လက်ရှိအနေအထားသို့ ရောက်လာလိမ့်မည်ဟု မထင်ထားကြောင်း ပြောသည်။

နယ်သာလန်လူမျိုး ကိုးမန်းသည် ဆောက်သမ်တန်ကို ကိုင်တွယ်စဉ် ၂၀၁၅ ခုနှစ်က ဆဲလ်တစ်တွင် ကစားနေသော တစ်နိုင်ငံတည်းသား ဗန်ဒိုက်ကို ဆောက်သမ်တန်သို့ ခေါ်ယူကာ အရောင်တင်ပေးခဲ့သူဖြစ်သည်။

ထိုအချိန်မှစ၍ ဗန်ဒိုက်သည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်လာခဲ့ပြီး ထိပ်သီးအသင်းများ၏ စိတ်ဝင်စားခြင်း ခံခဲ့ရကာ ၂၀၁၈ ဇန်နဝါရီတွင် နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် ၇၅ သန်းဖြင့် လီဗာပူးလ်သို့ ရောက်ရှိခဲ့သည်။

မာဆေးဆိုက်အခြေစိုက်ကလပ် လီဗာပူးလ်သို့ ရောက်ရှိလာချိန်တွင်လည်း ဗန်ဒိုက်သည် အကောင်းဆုံးခြေစွမ်းပြသကာ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ဆုဖလားများအား တစ်နှစ်ခြား ရယူနိုင်ခဲ့သည်။

ဗန်ဒိုက်သည် အဲဗာတန်နှင့် သရေကျသော မာဆေးဆိုက်ဒါဘီပွဲတွင် ပစ်ဖို့ဒ်၏ ဖျက်ထုတ်မှုကြောင့် ခြေထောက်ဒဏ်ရာ ရရှိသွားခဲ့ပြီး ကာလရှည် အနားယူရဖွယ်ရှိနေရာ ဆောက်သမ်တန်နှင့် နယ်သာလန်အသင်းတို့တွင် အတူလက်တွဲဖူးသော ကိုးမန်းက အ မြန်ဆုံး သက်သာပျောက်ကင်းစေရန် ဆုမွန်ကောင်း တောင်းပေးသည်။

“ဗန်ဒိုက်နဲ့ အလုပ်တွဲလုပ်ရတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ သူက ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ နောက်ပိုင်းကျတော့ သူ့ရဲ့ဆက်ဆံပုံက နည်းနည်းပြောင်းလဲလာတယ်။

တစ်ခါတလေကျရင် ပျင်းရိသလိုဖြစ်လာပြီး ဘောလုံးနဲ့ ပတ်သက်လာရင်လည်း လူတွေကို အထက်စီးက ဆက်ဆံနေသလို ဖြစ်လာတယ်။ ကျွန်တော်တို့ အလုပ်ကို ကြိုးစားပြီးလုပ်ခဲ့ကြတယ်။

ဒါပေမဲ့လည်း ကျွန်တော့်အမြင်မှာတော့ သူဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက်လို့ ထင်ပါတယ်” ဟု နယ်သာလန် နည်းပြဟောင်း ကိုးမန်းကပြောသည်။

Ref:Marca

Facebook Comments Box
Facebook Comment