ဗန်ဒိုက်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့သော ပစ်ဖို့ဒ် ၃ ပွဲ အပယ်ခံရဖွယ်ရှိနေ

လီဗာပူးလ်နှင့် ၂ ဂိုးစီ သရေကျခဲ့သော မာဆေးဆိုက်ဒါဘီပွဲတွင် ပြိုင်ဘက်နောက်ခံလူ ဗန်ဒိုက်အပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့သော အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်သည် ကွင်းလယ်ဒိုင်လူကြီး၏ သတိပေးမှုကိုပင် မခံရဘဲ လွတ်ကင်းခဲ့သော်လည်း အက်ဖ်အေက ၎င်းကို ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖွယ် ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ဂွတ်ဒီဆင်ပါ့ခ်တွင် ကစားသည့် အဆိုပါပွဲမှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့ပြီး ပွဲအစ ၁၁ မိနစ်တွင် ဗန်ဒိုက်၏ ဂိုးသွင်းရန် ကြိုးပမ်းမှုကို ပစ်ဖို့ဒ်က ခြေထောက်နှစ်ချောင်းစလုံး စုံပစ်ဝင်ကာ တားဆီးရန်ကြိုးစားခဲ့သည်။

၎င်း၏ တားဆီးမှုက ဗန်ဒိုက်၏ ညာဘက်ခြေထောက်ကို ညှပ်ချိုးသလို ဖြစ်သွားခဲ့ပြီး နယ်သာလန် နောက်ခံလူမှာ ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ကွင်းထဲမှ ထွက်ခွာသွားခဲ့ရကာ နောက်ဆုံးသတင်းများအရ ၇ လမှ ၈ လကြား အနားယူရဖွယ် ရှိနေသည်ဟု သိရသည်။

ထိုဖြစ်စဉ်တွင် ဗန်ဒိုက်မှာ လူကျွံနေ၍ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာနှင့် VAR တာဝန်ရှိသူ ဒေးဗစ်ကူတီတို့က ပစ်ဖို့ဒ်၏ အန္တရာယ်ရှိသော ဖျက်ထုတ်ပုံကို အရေးယူခြင်း မရှိခဲ့ပေ။

လက်ရှိ စည်းမျဉ်းအရ အက်ဖ်အေသည် ဒိုင်လူကြီးက အရေးမယူခဲ့သော ဖြစ်စဉ်အတွက် VAR ပြန်ကြည့်ကာ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ထို့ကြောင့် အက်ဖ်အေသည် မာဆေးဆိုက်ဒါဘီနှင့် ပတ်သက်၍ ပစ်ဖို့ဒ်အပေါ် အရေးမယူမီ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ တင်သွင်းလာမည့် ပွဲပြီးအစီရင်ခံကို စောင့်ဆိုင်းနေပြီး အဆိုပါ အဖြစ်အပျက်အကြောင်း မည်သို့သုံးသပ်ထားသနည်း ဆိုသည်အား လေ့လာသွားမည်ဖြစ်သည်။

အကယ်၍ မိုက်ကယ်အိုလီဗာက ဖြစ်စဉ်အား ထည့်သွင်းမရေးထားပါက ဗီဒီယိုပြန်ကြည့်ကာ ပစ်ဖို့ဒ်ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိနေသလို အိုလီဗာကိုလည်း တစ်စုံတရာ အရေးယူဖွယ်ရှိနေသည်။

Ref:TheSun

Facebook Comments Box
Facebook Comment