ဖူလ်ဟမ်ပွဲမတိုင်မီ အက်ဒီနကီတာနှင့် အချင်းများပြီးနောက် စီဘယ်လို့စ် ပြောကြားလာပြီ

ဒါနီစီဘယ်လို့စ်နှင့် အက်ဒီနကီတာတို့သည် စနေနေ့တုန်းက ဖူလ်ဟမ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီ အဖွင့်ပွဲမတိုင်မီ အာဆင်နယ်၏သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် အချင်းများခဲ့ကြသည်။

ယင်းကစားသမားနှစ်ဦးလုံးတို့သည် ခရာဗင်ကော့တစ်ပွဲစဉ်တွင် အရန်ခုံတွင် ထိုင်နေခဲ့ကြသူများ ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် စက္ကန့်ပိုင်းအတွင်းတွင်ပင် ကြမ်းတမ်းစွာ ဖျက်ထုတ်မှုမှ တဆင့် အပြန်အလှန်အချင်းများမှု နှစ်ကြိမ် ဖြစ်ခဲ့ကြခြင်းဖြစ်သည်။ စီဘယ်လို့စ်သည် နကီတာ၏မျက်နှာကို တွန်းထိုးမှု လုပ်ခဲ့ကြောင်းတွေ့ခဲ့ရပြီး ၎င်းတို့ ရန်ပွဲမှာ နည်းပြအဖွဲ့ဝင်တစ်ဦး၏ဖြေဖျန်မှု ကြောင့် အဆုံးသတ်သွားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မန်ယူနှင့်အင်္ဂလန်နောက်ခံလူဟောင်းရီယိုဖာဒီနန်က ယင်းသို့ ဖြစ်ရပ်မျိုးမှာ လေ့ကျင့်ရေးကွင်းတွင် မထူးဆန်းသည့် ဖြစ်ရပ်ဖြစ်ပြီး မကြာခဏ ဖြစ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ တကယ်တမ်းတွင်လည်း စီဘယ်လို့စ်နှင့်နကီတာတို့သည် သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် အချင်းများခဲ့မှုအပေါ် မေ့ပစ်လိုက်ကြပြီ ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်မှ အငှားဖြင့် လာရောက်ကစားနေသည့် စီဘယ်လို့စ်သည် ဖူလ်ဟမ်အား အနိုင်ရရှိသည့်ပွဲအပြီးတွင် နကီတာနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံအား အင်စတာဂရမ်တွင် တင်ကာ ၎င်းတို့အကြား မည်သည့် ပြဿနာမျှ မရှိကြောင်း ပြောကြားလာပြီ ဖြစ်သည်။ စီဘယ်လို့စ်က ‘No Problems here my brother’ ဟု စာရေးသားကာ နကီတာနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ထားခြင်းလည်းဖြစ်သည်။

စီဘယ်လို့စ်နှင့် အင်္ဂလန်လူငယ်ကစားသမားတို့အကြား ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုမူ အာဆင်နယ်နည်းပြအာတီတာက မသိကြောင်း ဆိုထားသည်။ အာတီတာက “အဲဒီအဖြစ်အပျက်ကို မမြင်လိုက်ဘူး။ ကျွန်တော် အထဲ ရောက်နေတယ်”ဟု ပြောကြားခဲ့သည်။

မန်ယူကစားသမားဟောင်းဖာဒီနန်က “ဒါမျိုးက ဖြစ်ပျက်နေကြပါ။ လေ့ကျင့်ရေးကွင်းမှာ တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ဖြစ်ပျက်နေကြပါ။ ဒီအဖြစ်အပျက်ကြောင့် အာတီတာ အရမ်း စိတ်ပျက်မှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment