ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်း

ဖီဖာက ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာသွားသည်။ ကာတာတွင် ကျင်းပလာခဲ့သည့် ယင်းပြိုင်ပွဲကို နှစ်တစ်နှစ်အဆုံးတွင် ကျင်းပလေ့ရှိပြီး လာမည့်လတွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။

သို့ရာတွင် ဖီဖာသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုနှင့်အတူ ယခုနှစ် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန် ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်သည်။

ဖီဖာသည် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲတွင် ပါဝင်မည့် အသင်းများအဖြစ် ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်၊ ၂၀၁၉-၂၀ ကာတာစတားလိဂ်ပြိုင်ပွဲချန်ပီယံ အယ်ဒူဟေးလ်တို့ နှစ်သင်းတည်းကိုသာ အတည်ပြုနိုင်သေးသည်။

ယင်းပြိုင်ပွဲတွင် ကွန်ကာကက်ဖ် (မြောက်အမေရိက)၊ ကွန်မီဘိုလ်(တောင်အမေရိက)၊ အေအက်ဖ်စီ(အာရှ)၊ အိုအက်ဖ်စီ (သမုဒ္ဒရာပိုင်းဇုန်)၊စီအေအက်ဖ်(အာဖရိက)မှ ချန်ပီယံအသင်းများလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းပြိုင်ပွဲတို့မှာလာမည့်လများတွင် ချန်ပီယံ ထွက်ပေါ်လာမည် ဖြစ်သည်။

လာမည့် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် မတိုးချဲ့မီ နောက်ဆုံးယှဉ်ပြိုင်သည့် ပြိုင်ပွဲဖြစ်ပြီး နောက်တစ်နှစ်ပြိုင်ပွဲကို ကွန်ဖရက်ဒီရေးရှင်းဖလားအမည်သို့ပြောင်းလဲကာ တရုတ်တွင် ကျင်းပမည် ဖြစ်သည်။

ထို့အပြင် ဖီဖာက ၂၀၂၀ ယူ-၂၀ နှင့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွားသည်။ ယင်းပြိုင်ပွဲများကို ကော့စတာရီကာနှင့် အိန္ဒိယတို့တွင် ကျင်းပရန် စီစဉ်ထားပြီး ကပ်ရောဂါကြောင့် လာမည့်နှစ်အစောပိုင်းသို့ ရွှေ့ဆိုင်းထားသော်လည်း ယခုအခါ ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ယင်းပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်တွင်မှ ကျင်းပသွားတော့မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment