
ဖိအားသက်ရောက်မှု ဇုန်ထဲက လီဗာပူးမဟုတ်တဲ့ လီဗာပူး
ထွန်းထွန်းဦး(လှိုင်)
ဇာတ်လမ်းက ထင်သလိုမျိုး မဟုတ်တော့ဘူးတဲ့ …
သိပ်ဟုတ်တာပေါ့။ အထင်နဲ့အမြင်မှာ တက်တက်စင်အောင်ကို လွဲတော့တာပါပဲ။
ဟုတ်ပါတယ်။ အမှတ်တွေဖြတ်ချပြီးမှာ နောက်ကိုပြန်ရောက်သွားကြတဲ့ ဇာတ်လမ်းတွေက သူတို့တွေအတွက် အထိနာစေတယ်။
တုန်လှုပ်ခြောက်ခြားစေတယ်တဲ့ …
မှန်တာပေါ့။ ပေါ့ဆတာလား၊ တိုက်ဆိုင်တာလား၊ စိတ်ဓာတ်တွေ မယိုင်လဲစတမ်းဆိုတဲ့ မူတွေ ချက်ချင်းပြောင်းလဲသွားကြတာလား။
ကြည့်နေရင်းနဲ့ကို အမြင့်ကနေ ပြုတ်ကျသွားတာ သိပ်နှမြောဖို့ကောင်းခဲ့တယ်။
ဘယ်သူ့ကို သွားအပြစ်တင်ရမလဲ၊ ကိုဗစ်လား၊ ကစားသမားတွေလား၊ နည်းပြချုပ်ကိုလား။
အထိအခိုက် အနာအဆာဆိုတာ ခတ်ကျွဲမှန်ရင် ဒဏ်ရာမကင်းဆိုသလို အသင်းတိုင်းမှာ ရှိနေခဲ့ပေမယ့် သူတို့တွေကိုမှ ကွက်ကွင်းပြီး အထိနာစေသတဲ့လား။
ထားပါ တိုက်ဆိုင်တယ်ဆိုရင်လည်း အဲ့ဒီတိုက်ဆိုင်မှုက ဘယ်လောက်အထိ ကြာရှည်မှာတဲ့လဲ။

ဖလားပေါင်းစုံ မဟုတ်တာတောင် မရတာကြာခဲ့တဲ့ ဆုဖလားတွေ ယူပြခဲ့အပြီးမှာ စိတ်ဓာတ်တွေက အရည်ပျော်ကျသွားတဲ့ ဖယောင်းတိုင်များလို ဖြစ်နေခဲ့တယ်လို့ပဲ ပြောပါရစေတော့။
ကြိုးစားမှုတွေက အစွန်းအထိ မရောက်တော့ဘူး။ အချို့က ဖျော့တော့လိုက်ကြတယ်။
အချို့တွေက တင်းခံထားတဲ့ စိတ်တွေကို ပူဖောင်းလေလျော့သလိုမျိုး အဆုံးအထိနား မရောက်တရောက် ပြန်ချလိုက်ပြန်တယ်။
ချန်ပီယံ ခြေစွမ်းဆိုတာလည်း ရောက်လာတစ်လှည့်၊ ပြန်သွားတစ်လှည့်နဲ့ …
ဆိုတော့ကာ …
လီဗာပူးဟာ အမြင်တင့်ဆန်းပေမယ့် အတွင်းမှာ ထင်သလို မဖြစ်လာတဲ့ အခိုက်အတန့်တွေက ပိုးတွေကိုက်သလို ပြန်ဖြစ်နေတာလား …
ကိုဗစ်က စလိုက်တဲ့ အခြေအနေဆိုးတစ်ခုဟာ အခုဆိုရင် လီဗာပူးကို အမြင့်ဆုံးအထိ မဟုတ်တာတောင် လိုရာမရောက်နိုင်တဲ့ အနေအထားတစ်ခုအထိ တွန်းပို့လိုက်သလိုပါပဲ။
ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ ၁၀ မှတ်ကွာနေသလို တစ်ပွဲပိုကစားထားရတဲ့ အနေအထားမှာ ထိပ်ဆုံးပြန်တက်ရောက်ဖို့ ဘယ်လိုမျိုး ပြင်ဆင်ထားကြမလဲ။
ဒဏ်ရာကိုက်ခဲမှုက သူတို့တွေကို ဘေးရောက်အောင် ဆွဲထုတ်သွားခဲ့တာ မှန်ပေမယ့် အစားထိုးရမယ့် ကိစ္စအချို့ကို ဘာကြောင့် တင်းခံပြီး ဖြတ်သန်းခဲ့သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။
ခေတ်တစ်ခုဟာ ဘောလုံးလောကမှာ လွယ်လွယ်နဲ့ ပြောင်းလဲတတ်တာ ကလော့ပ်လို နည်းပြကောင်းတစ်ယောက် မသိခဲ့တာမှ မဟုတ်တာပါ။
တစ်ပတ်ကို ၃ ပွဲလောက်အထိ နွှဲနေရတဲ့ ကိုဗစ် လွှမ်းခြုံထားတဲ့ အချိန်ကာလတစ်ခုအောက်မှာ ပင်ပန်းနွမ်းနယ်မှုဟာ နတ်ဆိုးဝတ်ရုံအောက်က ဒဏ်ရာကိစ္စနဲ့ ဆက်နွှယ်နေခဲ့တာဆိုတော့ အသင်းတိုင်းနီးပါး ခံစားရတဲ့ ဖြတ်သန်းရာ မှတ်တိုင်လိုပါပဲ။

ဒါပေမဲ့ လီဗာပူးအနေနဲ့ ဗန်ဒိုက် လပေါင်းများစွာ ဒဏ်ရာကြောင့် နားရမယ် ဆိုတဲ့ သတင်းဆိုးကို ကြားအပြီးမှာ ပြင်ဆင်ခွင့်တွေ ရထားပါရက်နဲ့ ငွေသုံးပြီး အကွက်ကျကျ အားဖြည့်တာမျိုးနောက်ကျပြီး မပြင်ဆင်နိုင်ခဲ့တာကိုတော့ ကရုဏာစိတ်နဲ့ ပြောဖြစ်တယ်။
ဇန်နဝါရီမှာ ပြင်ဆင်ပြန်တော့လည်း လူငယ်ခြေတက် ဂျာမန်လိဂ် ဘွန်ဒက်စ်လီဂါ ရှော်လ်ကဲခံစစ်သမား ကာဘတ်ကိုပဲ ခေါ်ယူထားနိုင်လိုက်တယ်။
မကောင်းဘူးလားဆိုတော့ ကောင်းတာပေါ့။ အနာဂတ်အတွက်ပါ ရည်ရွယ်ထားတဲ့မူကို သဘောကျနေတုန်းပဲ။
ဒါပေမဲ့ လတ်တလောအတွက် ဖြေရှင်းလို့ကောင်းတဲ့ ကိစ္စမဟုတ်တော့ လီဗာပူးအတွက် အသင့်သုံး အတွေ့အကြုံရှိပြီးသား ကစားသမားမျိုးထက်စာရင် လူသစ်-လူငယ်တွေကို EPL အတွေ့အကြုံနဲ့ ပွဲကြီးတိုးဖူးတဲ့ မာန်နဲ့ ခံယူချက်ထားနိုင်မှုတွေကို တစ်က ပြန်စသင်နေရလို့ အချိန်ပိုယူခဲ့ရတာဟာ အခု လီဗာပူးမှာဖြစ်ပျက်နေတဲ့ အနေအထားကွက်လပ်ကိုဖြည့်ဖို့ ကြန့်ကြာနေတော့တာပါပဲ။
EPL အသင့်သုံးတွေရှိတယ်။ လီဗာပူးက ခေါ်မယ်ဆိုတော့ ဈေးက ၃ ဆလောက်မြောက်နေတော့လည်း အဆင်ပြေတာကို ခေါ်ယူရတာ နားလည်ပေးနိုင်တယ်။
ခက်တာက ဗန်ဒိုက်ကွက်လပ်ဟာ ရှိတဲ့သူတွေနဲ့ ဖြည့်မလောက် ဖြစ်နေသလို အစားဝင်သူတိုင်း တော်တော်များများက ဒဏ်ရာကြောင့် နာရင်နာ၊ မနာရင် အံဝင်ဖို့ ခက်ခဲဆိုတော့ အဲ့ဒီအပေါက်က ပြိုင်ဘက်တွေ စိတ်ကြိုက်ဖောက်ဖို့ အခွင့်အရေး ပေးထားလိုက်သလိုပါပဲ။
တိုက်စစ်ကြည့်ပြန်တော့ မနှစ်တုန်းကထက် ကျသွားတာမှန်တယ်၊ ဒါပေမဲ့ အတွဲကတော့ အခုအချိန်အထိ ပြိုင်ဘက်ခံစစ်တန်းများစွာကို ခြိမ်းခြောက်ထားနိုင်တုန်းပါပဲ။
တစ်ခုရှိတာက ဆာလာ၊ မာနေးနဲ့ ဖာမီနိုတို့ အတွဲကြားက နားလည်မှုကို ပြိုင်ဘက်နည်းပြနဲ့ ကစားသမားတွေ အလွတ်မှတ်မိသွားတာပါပဲ။
၂၀၂၁ ကို ရောက်လာကတည်းက လီဗာပူး ရလဒ်အနေအထားက ယိုယွင်းတာမျိုး မဟုတ်တာတောင် ပရိသတ်မလိုချင်တဲ့ အဖြေတွေ ထွက်ထွက်လာတာ များများလာတာကိုတော့ သတိထားမိကြမယ် ထင်တယ်။
တိတိကျကျပြောရမယ်ဆိုရင် ၂၀၂၀ ရဲ့၁၁ လပိုင်းလောက်မှာတည်းက စတယ်။
နိုင်တယ်၊ သရေကျတယ်။

ဒီလိုမျိုး ဂိုးတွေသွင်းလိုက် ဂိုးတွေပေးလိုက်နဲ့ သွားနေရာကနေ နှစ်သစ် ၂၀၂၁ နှစ် အရောက်မှာ ဆောက်သမ်တန်ကို စပြီး အဝေးကွင်းမှာ ရှုံးရာကနေ အခုအချိန်အထိ အရှုံးသံသရာက မဖြုတ်နိုင်တော့တဲ့ ရထားတွဲတွေလိုမျိုး ငြိပါလာတော့တာပါပဲ။
မန်စီးတီးကို ရှုံးချလိုက်တာ သိပ်နစ်နာတယ်၊ မလိုအပ်တဲ့ ခံစစ်တန်းအမှားနဲ့ ဂိုးသမား အယ်လစ်ဆန်ရဲ့ဆုံးဖြတ်ချက်နဲ့ နောက်တန်းလူတွေအပေါ် သူသြဇာ သိမ်းသွင်းနိုင်မှုဟာ လျော့နည်းခဲ့သလို ဟန်ဒါဆန် ခံစစ်တန်းကို ဝင်ဖာထေးနေရတာကလည်း ကလော့ပ်အတွက် ပေးဆပ်မှုကြီးမားခဲ့တယ်။
ခံစစ်အတွင်းလူ အစစ်အမှန်တွေ ဒဏ်ရာကြောင့် နားနေရချိန်မှာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ ဒီကွက်လပ်ကို ဝင်ဖြည့်ထိန်းနေရတာဟာ ရေရှည်အတွက် မကောင်းမှန်းသိနေပါရက်နဲ့ ကလော့ပ် သုံးနေရပြီဆိုကတည်းက အားနည်းချက်ဟာ ပြိုင်ဘက်တွေအတွက် အားသာချက်ဖြစ်နေခဲ့တယ် မဟုတ်ပါလား။
တိုက်စစ်ကလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ဝ-၁ နဲ့ ရှုံးခဲ့တဲ့ အနေအထားကိုကြည့်ရုံနဲ့ ဘယ်လောက်အထိ ယုံကြည်မှု လျော့ကျသွားသလဲဆိုတာ သိသာနေစေတယ်။
လီဗာပူးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လီဗာပူး မဟုတ်တော့သလို ခံယူချက်တွေနဲ့ ယုံကြည်မှုတွေပါ ပွဲဆက်ပင်ပန်းမှုအောက်မှာ စိတ်ဓာတ်တွေ ထိုးကျသွားတော့တယ်။
ဆာလာ ကျသွားသလို ဖာမီနိုနဲ့ နားလည်မှု တည်ဆောက်ခြင်းတွေအောက်မှာ မာနေး ပေးဆပ်မှုကလည်း အရင်တုန်းကလောက် ထင်သလို အလုပ်မဖြစ်တော့ဘူး။
ကိုဗစ်ကူးစက်ခံရမှုအပြီး ရိုက်ခတ်ခံရတဲ့ ဇာတ်လမ်းတွေလည်း ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ လီဗာပူး ပြန်လာမယ့်လမ်းကိုတော့ မျှော်ဖြစ်တယ်။
ထပ်မှားလို့မရဘူး၊ နောက်တစ်ပွဲက သူတို့အထက်မှာ ၃ မှတ်အသာနဲ့ ရပ်တည်နေတဲ့ အဆင့် ၃ က လက်စတာနဲ့ ဆွဲမယ်။

ဇယားထိပ်ဆုံးနားပြန်တက်ဖို့ ဒီလိုမျိုးပွဲတွေမှာ လီဗာပူးအတွက် လီဗာအကုန်နင်းမှ ရမယ်။
မနှစ်တုန်းက မန်စီးတီးဖြစ်သလို ဒဏ်ရာကျိန်စာသင့်နေတဲ့ လီဗာပူးအတွက်တော့ သူတို့ အပိုင်စားယူခဲ့တဲ့ နေရာကောင်းတစ်ခုကို မန်စီးတီးထံ ပြန်အပ်ပေးထားလိုက်ရတာ အဆင်မပြေပါဘူး။
နေရာမှန် ပြန်ယူဖို့ ဖေဖော်ဝါရီလထဲမှာ ကစားရမယ့် လက်စတာ၊ လိုက်ပ်ဇစ်၊ အဲဗာတန်တို့ပွဲတွေကို ပုံစံကောင်းတစ်ခုနဲ့ ဖြတ်ကျော်ပြီး ရည်ရွယ်ရာကို အရောက်သွားနိုင်မလားဆိုတာ ကြည့်ရပါတော့မယ်။