
ဖိအားဆိုတာ ဂျို(ချို)နဲ့လား
တကယ်ဆို ဂျုဒ်ဘယ်လင်ဂမ်ဆိုတဲ့
အင်္ဂလန်သားလေး ရီးရဲလ်နဲ့
သတင်းထွက်နေတာ ကြာလှပေါ့။
ရက်သတ္တပတ် နှစ်ပတ်လောက်တောင်
ရှိမလားပဲ။ ဒါပေမဲ့
မော်ဒန်ခေတ်ကြီးမှာ ဒါမျိုး
သတင်းတွေက သိပ်ယုံရတာမှ
မဟုတ်တာ။
လေယာဉ်လက်မှတ် ဖြတ်ပြီးခါမှ
သဘောတူထားတဲ့ အသင်းကိုခေါက်ပြီး
ပြိုင်ဘက်အသင်းဆီ ရွှေ့သွားတဲ့
ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်။
ဒါကြောင့် ဆေးစစ်ပြီး၊
ဂျာစီကိုင် ဓာတ်ပုံရိုက်တော့မှသာ
ရောက်ပြီလို့ သေချာပြောနိုင်တာ။
အခုတော့ ဘယ်လင်ဂမ်တယောက်
မက်ဒရစ်ကို အမှန်တကယ်
ရောက်လာခဲ့ပါပြီ။
အဓိက ကွင်းလယ်လူတွေ
အသက်ထောက်လာတာ၊
အသင်းပြောင်းသွားတာတွေက
အန်ဆလော့တီအတွက်
သွေးသစ်လောင်းရမယ်ဆိုတာ
သေချာစေတယ်။ အသင်းမှာက
ထူးချွန်တဲ့ လူငယ်တွေရှိတယ်။
အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေ
ပိုင်ဆိုင်ထားကြတယ်။
အခုတော့ ဒီအစုအဖွဲ့ထဲ
အင်္ဂလန်သားတယောက်
ရောက်လာခဲ့ပြီ။ ပြောင်းရွှေ့ကြေးက
ပေါင် ၈၈ သန်းခွဲ၊ ယူရိုနဲ့ဆို
၁၀၃ သန်း။ ခြေစွမ်း၊ ပွဲထွက်ခွင့်၊
ဖလားရရှိမှုအပေါ်မူတည်ပြီး
ကြေးက ပေါင် ၁၁၅ သန်း၊
ယူရို ၁၃၃.၉ သန်းအထိ
ထပ်တက်သွားနိုင်တယ်။
စာချုပ်က ၆ နှစ်။
အသက်က အခုမှ ၁၉ နှစ်ဆိုတော့
တကယ်လို့ စာချုပ်ပြည့်ချိန်
ပြန်ရောင်းမယ်ဆိုရင်တောင် ရှုံးဖို့
အခြေအနေ မရှိနိုင်ပါဘူး။ ရီးရဲလ်ဟာ
ဘယ်လင်ဂမ်ကို အလောင်းအစားဆန်ဆန်
ခေါ်ခဲ့တာ မဟုတ်ပါဘူး။
ဒါပေမဲ့ သူဟာ ဂရီးလစ်ရှ်ပြီးရင်
ဒုတိယမြောက် တန်ကြေးအကြီးဆုံး
အင်္ဂလန်ကစားသမား၊ ဟာဇက်ပြီးရင်
ရီးရဲလ်အတွက် ဒုတိယစျေးအကြီးဆုံး
ကစားသမား ဖြစ်လာပါတယ်။
နောက်ပြီး ဆယ်ကျော်သက်
အပြောင်းအရွှေ့တွေထဲ အမ်ဘာပေ၊
ယာအိုဖီးလစ်တို့ပြီးရင် တတိယ
တန်ဖိုးအကြီးဆုံးအဖြစ်
ရပ်တည်နေတယ်။ ဒါက
၁၉ နှစ်အရွယ် ဘယ်လင်ဂမ်အတွက်
ဖိအားတွေ ဖြစ်မလာနိုင်ဘူးလား။
မဖြစ်လာနိုင်ပါဘူး။
ဘာလို့လဲဆိုတော့ သူဟာ
၁၅ နှစ်ကျော်အရွယ်နဲ့
ဘာမင်ဂမ်နဲ့အတူ ချန်ပီယံရှစ်မှာ
အစွမ်းပြနေတာပါ။ သူ့ရဲ့
အလားအလာကိုသိတဲ့ ဒေါ့မွန်က
၂၀၂၀ မှာခေါ်ယူပြီး အသင်းကြီးနဲ့
တခါတည်း ပွဲထွက်ခွင့်ပေးတာက
ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာ
ပြသနေတာပေါ့။ ဘွန်ဒက်စ်လီဂါလို
ပြိုင်ပွဲမှာ ၁၆ နှစ်အရွယ်နဲ့
ဘယ်သူ့မှမကြောက်ဘဲ ထူးရှယ်
ခြေစွမ်းတွေ ပြသခဲ့သူက
ဘယ်နေရာရောက်ရောက်
ကိုယ့်ရဲ့ အစွမ်းအစကို
ပြသနေမှာပဲ။
နောက်ပြီး ဘယ်လင်ဂမ်က
အခြား အင်္ဂလန်ကစားသမား
အများစုလိုမဟုတ်ဘဲ
ဘောလုံးကျွမ်းကျင်မှု အပြည့်ရှိသူ။
ဘောလုံးကို ခွန်အားနဲ့
ကစားမလား၊ စကေးနဲ့
ကစားမလား ဘက်စုံရတယ်။
အထူးခြားဆုံးက အားလုံး
မင်သက်သွားရလောက်အောင်
နှလုံးသားနဲ့ပါ ကစားတတ်သူ။
ဒီလို ကစားသမားမျိုးက
အောင်မြင်မှုအတွက်
ရီးရဲလ်ကို ရောက်လာတာ။
သူလိုလူငယ်တွေကြားထဲ
နေရာတခုရဖို့ အားထုတ်ရမှာတော့
သေချာတယ်။ ဒါပေမဲ့
စွယ်စုံသုံးလို့ရတဲ့ သူလို
ကစားသမားမျိုးက
ဖိအားမကြောက်ဘဲ
ဘယ်နေရာမှာမဆို လင်းလက်နိုင်တဲ့
ကြယ်တပွင့်ဖြစ်နေမှာ
သေချာပါတယ်။