ဖာမီနို ဂိုးသွင်းအားနည်းမှုအပေါ် လီဗာပူးနည်းကလော့ပ် မစိုးရိမ်

ဂျာဂင်ကလော့ပ်က တိုက်စစ်မှူး ရောဘတ်တိုဖာမီနို၏ ဂိုးသွင်းအားနည်းနေမှုအပေါ်တွင် မစိုးရိမ်ကြောင်း ပြောကြားလိုက်သည်။ ဘရာဇီး တိုက်စစ်မှူးသည် ယခုရာသီတွင် လီဗာပူးအတွက် ၅ ပွဲ ကစားထားရာတွင် တစ်ဂိုးမျှ သွင်းယူထားနိုင်ခြင်း မရှိသေးချေ။ သူသည် လီဗာပူးအတွက် နောက်ဆုံး ကစားသည့် ၂၄ ပွဲမှာ ၂ ဂိုးတည်းသာ သွင်းထားနိုင်သည်။

သို့ရာတွင် သူသည် မကြာသေးမီတုန်းက ဘိုလီးဗီးယားအား ဘရာဇီးက ၅-၀ ဖြင့် အနိုင်ရရှိသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။ လီဗာပူးသည် ယနေ့ညတွင် မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်အဖြစ် အဲဗာတန်နှင့် ရင်ဆိုင် ကစားရမည် ဖြစ်သည်။

ကလော့ပ်က “ကျွန်တော့်အတွက် ဒါက ဘယ်တော့မှ ပြဿနာဖြစ်လာမလဲဆိုတာ မသိပါဘူး။ အခုတော့ ဒါက ကျွန်တော့်အတွက် ပြဿနာဖြစ်နိုင်တဲ့အနေအထားမှာ လုံးဝ မရှိပါဘူး။ ကျွန်တော်လည်း ကွဲပြားတဲ့ ပြင်ပကမ္ဘာ(ဘောလုံးပြင်ပ)သို့ ရောက်နေချိန်မှာ တစ်ပွဲ၊ နှစ်ပွဲ၊ ကာလလေးတစ်ခုအပေါ်မူတည်ပြီး ဝေဖန်ပိုင်းခြား ရင် ဘာတွေ ဖြစ်လာမှာလဲ။ ကျွန်တော့်အတွက်တော့ သူက ဘယ်လောက် အရေးပါ အောင် လုပ်နိုင်တယ်၊ အသင်းအတွက် ဘယ်လောက် လွှမ်းမိုးမှု ရှိတယ်ဆိုတာကဘဲ အရေးကြီးပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ(ဗီလာ)မှာကျွန်တော်တို့ ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အခြားပရီးမီးယားလိဂ်ပွဲတိုင်းကို အနိုင်ရရှိပါတယ်။ ဘော်ဘီ(ဖာမီနို)က ဂိုးမသွင်းနိုင်ပေမယ့် အသင်းအတွက် အရမ်းကို အရေးပါတဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်”ဟု ပြောကြားသွားသည်။

ဖာမီနိုသည် ယခုရာသီတွင် ဂိုးသွင်းနိုင်ခြင်း မရှိသော်လည်း ဗီလာကို ၇-၂ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဆာလာ ဂိုးသွင်းနိုင်အောင် ဖန်တီးခဲ့သလို ချဲလ်ဆီးကို အနိုင်ရရှိသည့် အဖွင့်ပွဲတွင် မာနီ ဂိုးသွင်းနိုင်အောင် ဖန်တီးနိုင်ခဲ့သည်။

ဆက်လက်၍ ဖာမီနိုက ကျောနံပါတ် ၉ ကို ဝတ်ဆင်ထားသော်လည်း ကစားသမား တစ်ဦးနှင့် တစ်ဦး အသင်းအတွက် လုပ်ဆောင်ပုံခြင်း မတူညီကြောင်း ပြောကြား သွားသည်။

လီဗာပူးအတွက် သတင်းကောင်းမှာ ကိုဗစ်ကူးစက်ခံခဲ့ရသည့် မာနေး၊ တီယာဂိုတို့ အပြင် အင်္ဂလန်အတွက် ကစားစဉ် ဒဏ်ရာရခဲ့သည် ဟင်ဒါဆင်တို့မှာ အဲဗာတန်နှင့် ပွဲတွင် ပါဝင်လာမည့်သတင်း ဖြစ်သည်။ သို့ရာတွင် ကိုဗစ်ကူးစက်ခံရမှုကြောင့် ကွာရန်တေးဝင်နေသည့် ကီတာမှာမူ အဲဗာတန်ပွဲကို လွဲမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment