ဖလားသုံးလုံးယူပေးနိုင်ရင်တောင် ကိုးမန်းကို ထုတ်ပယ်သွားမည်

ဘာစီလိုနာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်သွားမည့် ဗစ်တာဖောင့်က ၎င်းသာ ဘာစီလိုနာ ဥက္ကဌ အဖြစ် ရွေးချယ်ခံရလျှင် ရော်နယ်ကိုးမန်းမှာ ဖလားသုံးလုံး ဆွတ်ခူးပေးနိုင်ပါကလည်း ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဘာစီလိုနာသည် ၂၀၁၉-၂၀ ရာသီတွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ဖြင့်ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရမှု၊ ဖလားလက်မဲ့ဖြစ်မှုတို့ကြောင့် နည်းပြဆီတိန်းနှင့် အားကစားဒါရိုက်တာအဘီဒယ်တို့ကို ရာထူးမှ ထုတ်ပယ်ကာ ကစားသမားဟောင်း ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ထားသည်။

ပုံမှန်အားဖြင့် ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ နွေရာသီတွင်မှ ကျင်းပရမည် ဖြစ်သော်လည်း အသင်းတွင်း ပြဿနာများ ရှိနေမှုနှင့်အတူ ဥက္ကဌရွေးကောက်ပွဲအား မတ်လသို့ ရွှေ့ဆိုင်းကာ စော၍ ကျင်းပသွားမည်ဖြစ်သည်။ ဗစ်တာဖောင့်သည် ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသူဖြစ်ပြီး သူသာ ရွေးချယ်ခံရလျှင် ဂန္ထဝင်ကစားသမားဇာဗီးကို နည်းပြသစ်အဖြစ် ခန့်အပ်မည်ဟုလည်း ကြေညာထားသူလည်းဖြစ်သည်။

ထို့်ကြောင့် ဗစ်တာဖောင့်က “ ကျွန်တော် ဥက္ကဌဖြစ်လာရင် ကိုးမန်း နည်းပြအဖြစ် ဆက်ရှိနေမှာ မဟုတ်ပါဘူး။ ကိုးမန်းက ဘာစီလိုနာရဲ့ဂန္ထဝင်တစ်ဦး ဖြစ်ပါတယ်။ အခုလို ကလပ်က အရှုပ်အထွေးတွေ ဖြစ်နေတဲ့အချိန်မှာ နည်းပြအဖြစ် တာဝန်ယူပြီး စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့တဲ့ သူ့ကို ကျေးဇူးတင်ပါတယ်။ သူ အကောင်းဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ဆုတောင်းပါတယ်။ ဖလားသုံးလုံးဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားသွားသည်။

ဗစ်တာဖောင့်သည် လာမည့် မတ်လ ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် တင်မြှောက်ခံရပါက ဇာဗီးကို ခန့်အပ်ရန် ရည်ရွယ်ထားတာလည်း ဖြစ်သည်။ ဇာဗီးသည် လက်ရှိအချိန်တွင် ကာတာစတားလိဂ်ကလပ် အယ်လ်ဆက်ဒ်ကို ကိုင်တွယ်နေသည်။

ဗစ်တာဖောင့်က “ ဇာဗီးက ဒီကလပ်ရဲ့အပိုင်းအစတွေကို ဘယ်လို ပြန်လည်ရမလဲဆိုတာ ကောင်းကောင်းနားလည်တဲ့သူပါ။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက သူလုပ်ဆောင်တဲ့ အားကစားပရော့ဂျက်တွေကို ဦးဆောင်လုပ်ပေးသွားကြပါမယ်”ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ဗစ်တာဖောင့်က လီယွန်နယ်မက်ဆီအား အသင်းကို ဇာဗီး ကိုင်တွယ်လာနိုင်သည့် ၂၀၂၁ ရာသီအထိ ဘာစီလိုနာတွင် ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

Ref: Cadena SER

Facebook Comments Box
Facebook Comment