
ဖန်တီးမှုအပိုင်း အားနည်းပေမယ့် အနိုင်ရလို စိတ်ဓာတ်ကို ပြသွားခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက် ရရှိကာ အာတီတာ လက်ထက် ရလဒ်ကောင်း ရယူနေမှုကို ဆက်လက် ထိန်းထားနို်ငခဲ့ပါတယ်။
အာဆင်နယ်ဟာ အိမ်ကွင်းမှာ ကစားခဲ့တာနဲ့အညီ ဝက်စ်ဟမ်းအပေါ် စိုးမိုး ကစားနိုင်ခဲ့ပေမယ့် ဖန်တီးမှုပိုင်း အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အာတီတာ လက်ထက် အာဆင်နယ်ဟာ အနိုင်ရလို စိတ်ပြင်းထန်နေတာတွေ့ပြီး ယင်းအနိုင်ရလို စိတ်ဓာတ်ကြောင့်ဘဲ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ဝက်စ်ဟမ်းဟာလည်း ယခုပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမယ့် အဖွင့်ပွဲနဲ့ နှိုင်းယှဉ်ရင် ခြေစွမ်းပိုင်း တိုးတက် လာတာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းဟာ ယခုပွဲမှာ အာဆင်နယ်ကို တန်ပြန်တိုက်စစ်ကနေ ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် ရှုံးနိမ့်ထားတယ်ပေမယ့် ဒီနေ့ပွဲ ခြေစွမ်းကြောင့် လာမယ့်အပတ်မှာ ရလဒ်ပိုင်း တိုးတက်လာမယ်လို့ ယူဆရပါတယ်။

အာဆင်နယ်ဟာ ပွဲအစကတည်းက ဝက်စ်ဟမ်းကို တစ်ဖက်သတ် လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၅ မိနစ်မှာ ဦးဆောင်ဂိုး ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံကနေ အူဘာမီယန်ရဲ့ ထိုးဖောက် ဖြတ်တင်ပေးလိုက်မှုကနေ လာကာဇက်တီက ခေါင်းတိုက်ပြီး အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ပြင်သစ်တိုက်စစ်မှူးလာကာဇက်တီရဲ့ အာဆင်နယ်အ တွက် ပြိုင်ပွဲအရပ်ရပ်မှာ သွင်းယူဂိုး ဂိုး ၅၀ မြောက်ဂိုးလည်း ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဝက်စ်ဟမ်း ကစားဟန်ပုံ ကောင်းမွန်လာပါတယ်။ အထူးသဖြင့် တန်ပြန်တိုက်စစ်ကစားတာ ကောင်းမွန်လာပါတယ်။ ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပိုမှာ ရိုင်ယန်ဖရိုင်းဒရစ်ရဲ့ ဖြတ်တင်ဘောကနေ အန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကဘဲ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းဟာလည်း တန်ပြန်တိုက်စစ်ကို ထိထိရောက်ရောက် ကစားနိုင်ခဲ့ကာ ဦးဆောင်ဂိုးရလုနီးပါး အခြေအနေတွေ ကြုံခဲ့ပါတယ်။ အန်တိုနီယိုရဲ့ ခေါင်းတိုက်ချက် အပေါ်ဘားထိသွားမှု၊ အနီးကန်ပိတ်သွင်းချက်ကို အာဆင်နယ်ဂိုးသမားလီနို ကာကွယ်သွားခဲ့လို့သာ အာဆင်နယ် သက်သာရာ ရခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာတော့ နကီတာက စီဘယ်လို့စ်ရဲ့ ပေးပို့မှုကနေ အပိုင်ပိတ်သွင်းပြီး အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲနိုင်ကြောင့် အမ်းမရိတ်မှာ ဝက်စ်ဟမ်းကို ၁၂ ကြိမ် ဧည့်ခံကစားရာမှာ ၁၁ ကြိမ် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။
လူစာရင်း
အာဆင်နယ် လူစာရင်း
ဂိုး – လီနို။
နောက်တန်း – ဟိုးဒင်း၊ မာဂယ်ဟက်စ်၊ ကိုလာစီနစ်၊ ဘယ်လီရန်။
အလယ်တန်း – ဇာခါ၊ စီဘယ်လို့စ်၊ ဆာကာ (ဒေးဗစ်လုဇ် ၈၉ မိနစ်)၊ ဝီလီယံ (ပီပီ ၆၄ မိနစ်)။
ရှေ့တန်း – လာကာဇက်တီ (နကီတာ ၇၇ မိနစ်)၊ အူဘာမီယန်။
ဝက်စ်ဟမ်း လူစာရင်း
ဂိုး – ဖေဘီယန်စကီး။
နောက်တန်း – ဖရိုင်းဒရစ်၊ ဒီလော့ပ်၊ အော့ဘွန်နာ၊ ခရက်စ်ဝဲလ်။
အလယ်တန်း – မာဆွာကူ (အင်ဒါဆင် ၉၀ မိနစ်)၊ ဘိုဝင်း (ယာမိုလန်ကို ၈၃ မိနစ်)၊ ဆူဆစ်၊ ရိုက်စ်။
ရှေ့တန်း – ဖော်နယ် (ဟယ်လက်စ် ၈၈ မိနစ်)၊ အန်တိုနီယို။