ဖင်လန်ရှုံးပွဲမှ သင်ခန်းစာယူရမည်ဟု ဂရစ်ဇ်မန်း ပြောကြား

ဖင်လန်အား အိမ်ကွင်းတွင် ၂ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ပြင်သစ်တိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်းက ရှုံးပွဲမှ လေ့လာသင်ယူသွားရမည်ဟု ပြောကြားလိုက်သည်။

ကမ္ဘာ့အဆင့် ၂ နေရာတွင် ရပ်တည်နေသော ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်သည် ယမန်နေ့ညက စိန့်ဒင်းနစ်တွင် ဖင်လန်အား လက်ခံကစားခဲ့ရာ ပထမပိုင်းမှာပင် ၂ ဂိုးပြတ်ရှုံးကာ ၁၂ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ကျိုးပျက်သွားခဲ့သည်။

ကမ္ဘာ့အဆင့် ၅၅ နေရာတွင်ရှိသော ဖင်လန်အတွက် ဂိုးများကို ဖရော့စ်(၂၈ မိနစ်)၊ ဗာလာကာရီ(၃၁ မိနစ်)တို့က သွင်းယူခဲ့ခြင်းဖြစ်ပြီး ထိုရှုံးပွဲက ပြင်သစ်အတွက် ၂၀၁၉ ခုနှစ်၊ ဇွန်လနောက်ပိုင်း ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာ၊ ဂျရူး၊ ဆစ်ဆိုကို၊ ဇူးမား၊ လန်ဂလက်၊ ဒစ်ဂ်နေး၊ သူရမ်၊ ကန်တီ၊ ဂရစ်ဇ်မန်းတို့ပါဝင်သော ပြင်သစ်သည် ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်အထိ ရခဲ့သော်လည်း ဂိုးကန်သွင်းခွင့် ၆ ကြိမ်သာ ရသော ဖင်လန်က အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သူရမ်နဲ့အတူ အခွင့်အရေး နှစ်ကြိမ်၊ သုံးကြိမ်လောက် ရခဲ့တယ်။ ကျွန်တော်တို့ ဘာတွေ အမှားလုပ်ခဲ့သလဲဆိုတာကို ကြည့်ပြီး စနေနေ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ရမယ်။ ပထမပိုင်းက အရမ်းကောင်းခဲ့တယ်။

ဖင်လန်အသင်း ကစားတာကလည်း တကယ်ကောင်းတယ်။ အခြား ကစားသမားတွေနဲ့အတူ ကျွန်တော်လည်း ဒီရှုံးပွဲကနေ သင်ယူဖို့ ကြိုးစားနေတယ်” ဟု ဂရစ်ဇ်မန်းက ပြောသည်။

ပြင်သစ်သည် နေးရှင်းလိဂ် ပွဲစဉ်များအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် ပေါ်တူဂီနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ဆွီဒင်နှင့် အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

Ref:L’Equipe

Facebook Comments Box
Facebook Comment