ပွဲထွက်ခွင့်အတွက် လန်ဒန်သို့ရောက်လာခြင်းဟု မန်ဒီ ကြုံးဝါး

ချဲလ်ဆီးအသင်းသို့ ပေါင် ၂၂ သန်းဖြင့် ပြောင်းရွှေ့လာသော ရင်းနက်စ်ဂိုးသမား အီဒူရက်မန်ဒီက အသင်းဖော်အသစ်များနှင့် တွေ့ဆုံခွင့်ရရှိရန် စိတ်အားထက်သန်နေသလို လန်ဒန်သို့ ရောက်ရှိလာခြင်းက ပွဲထွက်ကစားခွင့် ရရှိရေးအတွက်ဖြစ်ကြောင်း ကြုံးဝါးလိုက်သည်။

ထို့ကြောင့် ချဲလ်ဆီးက ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသော နံပါတ်တစ် ဦးစားပေး စပိန်လက်ရွေးစင် ကီပါအတွက် ဖိအားပြင်းပြင်း ကျရောက်လာတော့မည်ဖြစ်သည်။

ချဲလ်ဆီးသည် ယမန်နှစ်ရာသီက ပြိုင်ပွဲစုံပေးဂိုး ၇၉ ဂိုးအထိ ရှိခဲ့သောကြောင့် အမှား များနေသော အသက် ၂၅ နှစ်အရွယ် ကီပါကို ဖိအားပေးနိုင်ရေးအတွက် ဆီနီဂေါလက်ရွေးစင် မန်ဒီကို ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

ကီပါသည် လီဗာပူးလ်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့သောပွဲတွင်လည်း အမှားပြုလုပ်ခဲ့သော ကြောင့် ဧည့်သည်တိုက်စစ်မှူး မာနေးက အလွယ်တကူ ဂိုးသွင်းယူခဲ့သည်။

မန်ဒီသည် ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ချဲလ်ဆီးသို့ ရောက်ရှိလာ သော ၁၂ ဦးမြောက် ကစားသမားဖြစ်လာခဲ့ပြီး ချဲလ်ဆီးဒါရိုက်တာ ဂရာနော့ဗ်စကိုင်က ပီတာချက်နှင့် နည်းစနစ်အဖွဲ့၏ တိုင်ပင်မှုဖြင့် ၎င်းကို ခေါ်ယူခဲ့ခြင်းဟု ပြောသည်။

ချဲလ်ဆီးနှင့် တရားဝင်စာချုပ်ပြီးနောက် အသက် ၂၈ နှစ်အရွယ် မန်ဒီက “ချဲလ်ဆီးကို ပြောင်းခွင့်ရလို့ အံ့အားသင့်မိပါတယ်။ ဖရန့်လမ်းပတ်၊ သူ့ရဲ့နည်းပြအဖွဲ့၊ အံ့အားသင့် စရာ အစုအဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရတာက ကျွန်တော့်ရဲ့အိပ်မက်ပါပဲ။ အသင်းဖော်အသစ်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားသလို ကစားခွင့်ရဖို့လည်း မစောင့်နိုင်တော့ပါဘူး” ဟု ပြောသည်။

Ref:chelseatv

Facebook Comments Box
Facebook Comment