
ပွဲစားကြီး
ထွန်းထွန်းဦး(လှိုင်)
ဒီအချိန်မှာ ကာတွန်းဆရာကြီး မောင်ဝဏ္ဏရေးခဲ့တဲ့ သမိန်ပေါသွပ်ရဲ့ပွဲစားကြီးကာတွန်းတောင် ပြန်သတိရမိသေးတယ်။
အဟုတ်ပြောတာပါ…
ပွဲဖြစ်ဖို့ ဘာမှကို ဂရုစိုက်တဲ့ ပွဲစား …
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ ပွဲစား …
မားကတ်တင်းလည်း သိပ်တော်တဲ့ ပွဲစား ….
ဗျူဟာလည်း ကြွယ်တဲ့ ပွဲစား …
စကားလည်း လည်တဲ့ ပွဲစား …
အခု အဲ့သလိုမျိုး ဖြစ်နေသလားပေါ့ …
တကယ်တော့ ကိုယ့်အလုပ်ကိုယ် လမ်းမှန်ကမ်းမှန်လုပ်တာ မှန်ပေမယ့် ပတ်ဝန်းကျင်နဲ့ သွေဖီနေတာမျိုးကြီးကို ဆိုက်ရောက်နေတယ် ဆိုတော့ကာ …
တစ်ဘို့တည်းကြည့်တဲ့ ပွဲစားအတွက် ပြောစရာတွေချည်း ဖြစ်လာစေတယ်။
ဟုတ်ပါတယ်…

ဒီအချိန်မှာ မေးကြည့်ရမှာက ပေါ့ဂ်ဘာ ဇာတ်လမ်း …
မန်ချက်စတာ ယူနိုက်တက် ဘာဖြစ်နေတာလဲ …
မားကတ်တင်းသဘောနဲ့ ရှုကြည့်လေ မြင်လေပေါ့နော်..
ရှင်းပါတယ်။ ဒီဇာတ်ထုပ် ဇယားရှုပ်အောင် ဘယ်က အစဆွဲထုတ်ခဲ့သလဲ။
ပေါ့ဂ်ဘာကို မကောင်းလို့ ပြောနေတာမဟုတ်ဘူး။ သူ့အုပ်ထိန်းသူရဲ့ စနက်က အခုအချိန်အထိ ထတောက်လို့ကောင်းတုန်း ..
ထွက်မယ်… မထွက်ဘူးရယ်နဲ့ ဖြစ်နေတဲ့ ပေါ့ဂ်ဘာကို ဈေးကောင်းနဲ့ရောင်းဖို့ အမြဲချောင်းနေတဲ့ ရွိုင်ယိုလာပါ။
သူက ကစားသမားတွေဖက်က ပွဲစား …
ကစားသမားတွေကို အရောင်းမြှင့်တင်ပေးနေတဲ့ မားကတ်တင်းသမား…
အမြဲတမ်း သူ့ကစားသမားကို သ နေတဲ့သူ ..
အဆင့်မြင့်မြင့်နဲ့ လစာကောင်းကောင်းရတဲ့နေရာကို ရောင်းနိုင်အောင် ..
မရမက ရောင်းထွက်အောင် အရောင်တင်တဲ့ လူစားမျိုး …
စကားလုံးတွေနဲ့ ထိုးနှက်မယ်၊ ဆွမယ်။ ဖွမယ်။ ပွဲဆူမယ်။
ဈေးကွက်ကို လိုသလို ကစားမယ် …
ဒါက သူ့အလုပ် …
ကစားသမား ဈေးကောင်းကောင်းနဲ့ ရောင်းရမှ၊ လစာ မြင့်မြင့်မားမားရမှ အပြောင်းအရွှေ့ပွဲခ မြိုးမြိုးမြက်မြက်လေးထက်သာတာ၊ ရေရှည်သီးတွေ စားရမှ စတာတွေ သိပ်တွက်တဲ့သူ …
ဒီဘက်ခေတ် ဘောလုံးပွဲစားလောကထဲမှာ တော်တော် အလုပ်လုပ်တဲ့သူ ပြပါဆိုရင် သူပါပဲ။ ( တစ်ခါက ဘောလုံးပွဲစားကြီး ဇဟာဗီထက်တောင် သူက ပိုဆိုးသေးတယ် … )
ပေါ့ဂ်ဘာကို တစ်ကျော့ပြန် ယူနိုက်တက်ရောက်လာအောင် သူလှော်ခဲ့တယ်။
လစာတိုးတောင်းဖို့နဲ့ သူ့ကစားသမား ဘယ်လောက်ကောင်းကြောင်း တော်ကြောင်း သူဖွတယ်။
ယူနိုက်တက်က ပြောင်းဖို့အကြောင်းကို သူကပဲစတယ်။ ပေါ့ဂ်ဘာကို အကြောင်းအမျိုးမျိုးပြပြီး ဈေးကောင်းတစ်ခု ထပ်ရဖို့ကို သူက စီမံခန့်ခွဲပြထားတယ်။
ကိုဗစ်ကြောင့် အသံတွေ ခဏတိတ်ခဲ့ရပေမယ့် အခုအချိန် ချန်ပီယံလိဂ်က ယူနိုက်တက် ထွက်ခွာရချိန်မှာ သူ့ကစားသမားကိစ္စကို ပြန် Roll တင်တယ်။

အရင်တုန်းက ယူနိုက်တက်ကထွက်ဖို့ နည်းပေါင်းသုံးလို့ လက်ညှိုးဝိုင်းထိုးခံရတဲ့ ဗီလိန်ဖြစ်လာတဲ့အချိန်မှာ ခဏငြိမ်ပြီး အခု နောက်တစ်ခါ ဒီဇာတ်လမ်းကို နှစ်ဆတိုးပြီး ပြန်စတယ်။
ဒီအတောအတွင်း သတင်းတွေမှာ သူ့ကစားသမား ဘယ်လောက်ကောင်းကြောင်း ဘယ်လောက်တော်ကြောင်း အကောင်းချည်းပြောသွားတယ်။
ကစားသမား အပြောင်းအရွှေ့နား နီးလာတိုင်းမှာ လုပ်နေကျအတိုင်း မားကတ်တင်းသဘောတွေနဲ့ လက်တွေ့ကျကျ လှော်သွားတယ်။
ဒီတော့ သူ့အပြောမှာ ကျန်တဲ့အရာတွေအားလုံးက မကောင်းသဘောဆောင်ကုန်ပြန်တယ်။ ထေ့လုံးတွေ၊ ငေါ့လုံးတွေကလည်း တတ်ပဗျာ။
ဘဝက အောက်သက်ကျေလာခဲ့တဲ့သူဆိုတော့ လူ့သဘော၊ လူ့မနောကို သူက မွတ်နေအောင် ကျွမ်းနေတဲ့ သူလိုပေါ့။
အခုလည်း သူ့ကစားသမားကို ယူနိုက်တက်က ထွက်ခွာဖို့ တာစူနေပြန်တယ်။
တစ်ကျော့ပြန် ဓာတ်ပြားဟောင်းကို သူပြန်ဖွင့်ပြီး အားလုံးကို ဆွတယ်၊ ဖွတယ်။
သူ့ကောင်လေး နောက်တစ်နေရာပြောင်းပြီး ဈေးကောင်းရဖို့နဲ့ ငွေထုတ်ပိုက်ဖို့ ကြံလေပြန်တယ်။
ဒီလိုလူမျိုးက ပိုက်ဆံရဖို့ဆိုရင် ကိုယ့်ကောင်းကျိုးအတွက် အားလုံးကို ငဲ့မယ့်လူစားမျိုး မဟုတ်ဘူး။
တစ်ဘို့တည်းသမား စစ်စစ်ကြီးဆိုရင် မမှားဘူး။ ပွဲစားပီသတဲ့ လူဆိုတာ သူပေါ့ …
ဆိုးလ်ရှားမှာတော့ လိပ်ကလေး ပက်လက်လှန်ထားသလို ယက်ကန်… ယက်ကန်နဲ့ … သူ့အပြောမှာတင် မျောနေရတယ် …

ဒီဇန်နဝါရီမှာ ဒီကိစ္စ အပြတ်ရှင်းချင်ရှင်း မရှင်းရင် အရှုပ်က ပိုနစ်မြုပ်ဖို့ပဲရှိနေလိမ့်မယ်။
တစ်ခုရှိတာက ဟာလန်းကိစ္စမှာလည်း ရွိုင်ယိုလာ ပတ်သက်နေတာဆိုတော့ အက်ဝုဒ်ဝပ်ရဲ့စီမံခန့်ခွဲမှုတွေက ဘယ်လိုရှိလာမလဲဆိုတာ ကြည့်ကြသေးတာပေါ့ဗျာ ….
အခုတောင် ဟာလန်းနဲ့ပတ်သက်ပြီး ယူနိုက်တက်ကိုရော ဆိုးလ်ရှားကိုရော သူက Troll နေတာ သတင်းတွေမှာ မြင်ရက်စရာမရှိဘူး။
တကယ်တော့ ဒါက သက်သက် ထောင်ချောက်ဆင် အကွက်ထဲဝင်အောင် ကျုံးသွင်းနေတာပါ။
ကစားသမား အေးဂျင့်ကတော့ သူ့အလုပ်သူ လုပ်နေဦးမှာပါပဲ။
သေချာ သ ထားတဲ့ အနာဂတ် ထွန်းတောက်ကြယ်တွေကလည်း သူ့လက်ထဲမှာချည်း စုနေတာဆိုတော့ ဘာလုပ်လုပ် ရွိုင်ယိုလာအတွက် တင့်တယ်နေတာက သူ့အတွက် တစ်ပန်းသာနေစေတဲ့အချက်ပဲ မဟုတ်ပါလားဗျာ …
မိုဗစ်၊ ပေါ့ဂ်ဘာနဲ့ ဟာလန်းတို့လို ကစားသမားကောင်းတွေကို သူက ဘ၀ တက်လမ်းတွေအတွက် စီမံခန့်ခွဲပေးနေရတဲ့သူဖြစ်နေတော့ အဲ့ဒီကစားသမားတွေကို လိုချင်ကြတဲ့ ကလပ်တွေအနေနဲ့ကလည်း လက်တွဲဖြုတ်လို့ မရနိုင်ကြတော့ ပွဲစားကြီးက အခုအချိန်မှာ စတားဖြစ်နေတော့တာပေါ့။
ဒီတော့ … သိပ်လည်ပြီး မားကတ်တင်းနိုင်တဲ့ ကစားသမားပွဲစားနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်ဆန်ဆန် ဇာတ်လမ်းကတော့ စောင့်ကြည့်ဖို့ ဖြစ်လာပြန်ပါတော့တယ်။
ဒီတစ်ပွဲ ဘယ်သူနိုင်စားသွားမလဲပေါ့ ….