ပွဲကြည့်စင်သို့အထိ တက်ကာ ပရိသတ်ကို ရန်မူခဲ့သည့် ဟမ်းဘတ်နောက်ခံလူ လိုင်းစနာ

ဟမ်းဘတ်ရဲ့တိုနီလိုင်းစနာသည် တနင်္လာနေ့တုန်းက ဒို်ငနမိုဒရက်စ်ဒန်နှင့် ဂျာမန်ပိုကယ်ဖလားပွဲစဉ်အပြီးတွင် ပွဲကြည့်စင်သို့အထိ ပြေး တက်ကာ ပရိသတ်အား ရန်မူရန် ကြိုးပမ်းခဲ့မှုအတွက် တောင်းပန်လိုက်သည်။ ဟမ်းဘတ်သည် တနင်္လာနေ့တုန်းက ဒရက်စ်ဒန်နှင့်ပွဲတွင် ၄-၁ ဖြင့် ရှုံးနိမ့်ပြီး လိုင်းစနာမှာ ဒရက်စ်ဒန်တွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ဖူးသူ ဖြစ်သည်။

အဆိုပါပွဲကို ပရိသတ်ထောင်ပေါင်းများစွာ ဝင်ရောက်ကြည့်ခွင့်ပေးခဲ့ပြီး ဒရက်စ်ဒန်ဖွား လိုင်းစနာသည် ပွဲအပြီး အင်တာဗျူးဖြေဆိုနေချိန်တွင်  ပရိသတ်များ၏ဆဲဆို ပြောကြားခြင်းခံရပြီးနောက် ပွဲကြည့်စင်သို့ ပြေးတက်ကာ ဒရက်စ်ဒန်ပရိသတ်တစ်ဦးအား ကွင်းပြင်ပေါ်သို့ ပစ်ချရန် ကြိုးပမ်းခဲ့သည်။ အဆိုပါပွဲစဉ်ကို ပရိသတ် ၁၀၀၅၃ ကြည့်ခွင့်ပေးခဲ့သည်။

လိုင်းစနာသည် ကွင်းလုံခြုံရေးနှင့် ပရိသတ်များ၏ ကြားဝင် ဖြေဖျန်မှုကြောင့် ကွင်းသို့ ပြန်ဆင်သွားခဲ့သည်။ ပွဲအပြီးတွင် ၎င်းက ပရိသတ်များက လှောင်ပြောင်ဆဲဆိုမှုအပေါ် ဒေါသထွက်ကာ ယင်းသို့ ပြုမှုခဲ့ခြင်းဖြစ်ကြောင်း တောင်းပန်သွားခဲ့သည်။

၎င်းက “ပွဲကြည့်စင်ကနေ ဆဲဆို ပြောကြားတာခံခဲ့ရပါတယ်။ ပုံမှန်ဆို ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ခံနိုင်ရည် ရှိပါတယ်။ အခုဟာက အဆင့်ကျော်သွားပါပြီ။ ကျွန်တော့်မိသားစု၊ ကျွန်တော့်မိန်းမ၊ ကျွန်တော့် သမီးနဲ့ပတ်သက်ပြီးတော့ပါ ပြောလာကြပါတယ်။ ဒါကြောင့်လည်း စိတ်လွတ်သွားခဲ့တာ။ တကယ်တော့ ဒါမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် စံပြတစ်ယောက်အနေနဲ့ ရပ်တည်လိုတဲ့ အဖေတစ်ယောက်အနေနဲ့ လုံးဝ မလုပ်သင့်ပါဘူး။ အားလုံးကို တောင်းပန်ပါတယ်။ နောက်ထပ် ဒီလို အဖြစ်မျိုး လုံးဝ မဖြစ်စေရပါဘူး”ဟု တောင်းပန်သွားသည်။

ဒရက်စ်ဒန်အသင်းကလည်း လိုင်းစနာကို ဆဲဆိုမှု ပြုလုပ်ခဲ့သည့် ပရိသတ်အား စစ်ဆေး အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ခံလူလိုင်းစနာသည် ယူနီယံဘာလင်တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကျူပီအာသို့ ပြောင်းခဲ့သော်လည်း အထိုင်မကျမှုကြောင့် ပြီးခဲ့သည့် ရာသီတုန်းက ကိုလုံးသို့ အငှားဖြင့် လာကစားခဲ့သည်။ သူသည် ယခုနွေတွင် ကျူပီအာနှင့် စာချုပ်ဖျက်သိမ်းကာ ဟမ်းဘတ်သို့ ပြောင်းခဲ့သူဖြစ်သည်။

Facebook Comments Box
Facebook Comment