ပွဲကစားရန် နာပိုလီ မရောက်လာ၍ ဂျူဗင်တပ် ၃-၀ ဖြင့် အနိုင်ရဖွယ်ရှိ

ဂျူဗင်တပ်သည် တနင်္ဂနွေနေ့ညက စီးရီးအေပွဲစဉ်ကို ကစားရန် ပြိုင်ဘက် နာပိုလီအသင်း လာရောက်ခြင်း မရှိမှုကြောင့် ယင်းပွဲကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိရန် သေချာသလောက် ရှိနေကြောင်း သိရသည်။ နာပိုလီအသင်းသည် အလယ်တန်း ကစားသမားများ ဖြစ်ကြသည့် ဇီလင်းစကီးနှင့် အယ်လ်မက်စ်တို့အပြင် နည်းပြအဖွဲ့ဝင်တစ်ဦးတို့မှာ COVID-19 ကူးစက်ခံနေရမှုကြောင့် တူရင်သို့ မသွားရန် ဒေသခံအာဏာပိုင်နှင့် ကျန်းမာရေးဌာနတို့၏ တားဆီးခြင်း ခံခဲ့ရသည်။

နာပိုလီသည် ပြီးခဲ့သည့်အပတ်က ဂျီနိုအာကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲအပြီး တစ်ရက်အကြာတွင် ဂျီနိုအာအသင်းအတွင် COVID-19 ကူးစက်ခံရသူ ၁၄ ဦးအထိ တွေ့ရှိခဲ့ပြီး နောက်ပိုင်း ရက်များတွင် ဂျီနိုအာအသင်း၌ ကူးစက်မှု အလွန်မြင့်မားခဲ့သည်။

နာပိုလီသည် ဂျူဗင်တပ်နှင့်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ စီးရီးအေအဖွဲ့ချုပ်က နာပိုလီအသင်းကို တူရင်သို့ မလာစေနိုင်ရန် မည်သည့် ဥပဒေကမှ တားဆီးနိုင်ခြင်း မရှိကြောင်း တုံ့ပြန်ကာ ပွဲကို ကစားရန် ဆုံးဖြတ်ခဲ့သည်။

ပွဲကို ကြီးကြပ်သူများသည် ပွဲကစားရန် သတ်မှတ်ထားချိန်အပြီး ၄၅ မိနစ်အကြာတွင် ပွဲကို တရားဝင် ဖျက်သိမ်းခဲ့သည်။

ထို့ကြောင့် စည်းမျဉ်းအရ ပြိုင်ဘက် နာပိုလီအသင်းမှာ ပွဲကစားရန် ရောက်မလာမှုနှင့်အတူ ဂျူဗင်တပ်မှာ ယင်းပွဲကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိရန် သေချာနေသည်။

Facebook Comments Box
Facebook Comment