ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းမှာ အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁ ဘီလီယံနီးပါး မန်ယူအရှုံးပေါ်

မန်ချက်စတာယူနိုက်တက်သည် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် အပြောင်းအရွှေ့များ ပြုလုပ်ရာတွင် ပေါင် ၁ ဘီလီယံနီးပါး အရှုံးပေါ်ခဲ့သည်။ သို့ရာတွင် မန်ယူထက် ပိုမို ဆိုးရွားစွာ အရှုံးပေါ်နေသည်မှာ မြို့ခံပြိုင်ဘက်ကလပ် မန်စီးတီး ဖြစ်သည်။

ယူနိုက်တက်သည် ၂၀၁၁-၁၂ ရာသီမှ စတင်ကာ ကစားသမားဝယ်ယူရောင်းချရာတွင် ပေါင် ၈၁၄.၈ သန်းအထိ အသားတင် ရှုံးနိမ့်ခဲ့သည်။ ယူနိုက်တက်သည် ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ၂၀၁၆ ခုနှစ် နွေရာသီ၌ ပေါလ်ပေါ့ဘာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ခေါ်ယူမှုအပါအဝင် ဒီမာရီယာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဟယ်ရီမက်ဂွိုင်းယားတို့ကိုလည်း ပေါင်သန်း ၅၀ အထက် အသုံးပြုခဲ့ပြီး မက်ဂွိုင်းယားအတွက် ပေါင် ၈၅ သန်းအထိ သုံးခဲ့သည်။ ယူနိုက်တက်သည် ကစားသမားဝယ်ယူအတွက် ငွေများစွာ သုံးခဲ့သော်လည်း ရောင်းချခဲ့ရာတွင် ငွေမှာ မက်လောက်စရာ ရရှိခဲ့ခြင်း မရှိခဲ့ချေ။

ယူနိုက်တက်သည် အပြောင်းအရွှေ့စရိတ်များစွာ သုံးခဲ့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ပရီးမီးယားလိဂ်ဖလား တစ်ကြိမ်တည်းသာ ဆွတ်ခူးနိုင်ခဲ့သည်။ ယူနိုက်တက်သည် ဖာဂူဆန်၏နောက်ဆုံးရာသီဖြစ်သည့် ၂-၁၂-၁၃ ရာသီတွင် ပရီးမီးယားလိဂ်ဖလားအား နောက်ဆုံးအကြိမ် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် အပြောင်းအရွှေ့၌ ငွေကြေးအများဆုံးရှုံးသည့် ကလပ်မှာ မန်စီးတီး ဖြစ်ပြီး ပေါင် ၈၆၇.၃ သန်းအထိ အရှုံးပေါ်ခဲ့သည်။ မန်စီးတီးသည် ၂၀၀၈ ခုနှစ်တွင် အာရတ်သူဌေးလက်အောက်သို့ ရောက်ပြီးနောက် အပြောင်းအရွှေ့စရိတ်များစွာ သုံးကာ ကစားသမားများ ခေါ်ယူအားဖြည့်လာခဲ့သည့် အသင်းဖြစ်သည်။

၎င်းတို့သည် ဂျွန်စတုန်း၊ ဒါနီလိုတို့ကဲ့သို့ ကစားသမားများကို ငွေကြေးများစွာ သုံးကာ ခေါ်ယူခဲ့သော်လည်း ထိုက်တန်သည် အောင်မြင်မှုမရရှိခဲ့ချေ။ မန်စီးတီး၏ ကစားသမားရောင်းချမှုမှာ အမြင့်ဆုံး ရရှိမှုမှာ ဆာနေးကို ဘိုင်ယန်သို့ ပေါင် ၄၅ သန်းဖြင့် ရောင်းချမှု ဖြစ်သည်။

အပြောင်းအရွှေ့စရိတ်အရှုံးအများဆုံးကလပ်စာရင်းတွင် တတိယနေရာ၌ ချဲလ်ဆီး ရပ်တည်နေပြီး ပေါင် ၄၁၀.၈ သန်း အရှုံးပေါ်ခဲ့ကာ ယူနိုက်တက်နှင့် မန်စီးတီးတို့ထက် တစ်ဆနီးပါး အရှုံးသက်သာနေကြောင်း တွေ့ရသည်။ အဆင့် ၄ နေရာတွင် အာဆင်နယ်က ‌ပေါင် ၃၈၀.၃ သန်း အရှုံးဖြင့် ရပ်တည်နေပြီး အဆင့် ၅ နေရာတွင် ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးက ပေါင် ၃၃၅.၆ သန်းဖြင့် ရပ်တည်နေသည်။

Facebook Comments Box
Facebook Comment