ပြိုင်ဘက် အဲဗာတန်နည်းပြအန်ဆယ်လော့တီကို အလွန်လေးစားကြောင်း ကလော့ပ်ဖွင့်ဟ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က အဲဗာတန်နည်းပြအန်ဆယ်လော့တီအပေါ်တွင် သူ၏ကြီးမားသည့် လေးစားမှုမှာ မည်သည့်အခါတွင်မှ လျို့ဝှက်ချက် ဖြစ်မနေခဲ့ကြောင်း ပြောကြားလိုက်သည်။

အန်ဆယ်လော့တီ ဦးဆောင်သည့် အဲဗာတန်သည် ပရီးမီးယားလိဂ် အဖွင့်ပွဲ လေးပွဲလုံး အနိုင်ရရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။

ကလော့ပ်၏ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမှာ နိုင်ငံတကာပွဲမတိုင်မီတုန်းက ဗီလာကို ၇-၂ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး စနေနေ့တွင် ဂူဒီဆင်ပါ့ခ်သို့ သွားရောက်ကာ အဲဗာတန်နှင့် မာဆေးလ်ဆိုက်ဒါဘီပွဲ ကစားသွားရမည် ဖြစ်သည်။

ကလော့ပ်သည် ယခင်တုန်းက အန်ဆယ်လော့တီနှင့် ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်တို့တွင် ထိပ်တိုက် တွေ့ခဲ့ဖူးကြသည်။

ကလော့ပ်က “ထိပ်တန်းအသင်း။ ထိပ်တန်းနည်းပြ။ ကာလိုအန်ဆယ်လော့တီနဲ့ ပတ်သက်ပြီး ကျွန်တော် တွေးတာတွေက ဘယ်တုန်းကမှ လျို့ဝှက်ချက် ဖြစ်မနေ ခဲ့ပါဘူး။ သူ့ကို နည်းပြတစ်ဦးအနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ အများကြီး လေးစားပါတယ်။ သူကအရမ်းအံ့ဩစရာကောင်းတဲ့လူပါ။ အဲဗာတန်နဲ့ သူ စာချုပ်ချုပ်တော့မယ်လို့ ကြားကတည်းက စိန်ခေါ်မှုအသစ်ရောက်လာပြီဆိုတာ သိလိုက်ရပါတယ်။ သူတို့ဟာ နွေရာသီမှာ ပြီးပြည့်စုံတဲ့ ခေါ်ယူတွေ ပြုလုပ်ခဲ့တယ်။ သူတို့ဟာ ကောင်းပြီးသားအသင်းကို ပိုပြီးတော့ ကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။ ကာလိုဟာ သူတို့ကို ဖြည့်တင်းပြီး အရမ်းတောင့်တင်းတဲ့အသင်းတည်ဆောက်ထားနိုင်ပါတယ်။ သူတို့ကစားပုံနဲ့ပတ်သက်ပြီး သိပ်မအံ့ဩရပါဘူး”ဟု ပြောကြားသွားသည်။

အဲဗာတန်နှင့်လီဗာပူးတို့သည် ဇွန်လတုန်းက နောက်ဆုံးအကြိမ် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ပြီး ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။

ကလော့ပ်က လာမည့် စနေနေ့ မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်အား မှန်ကန်သည့် နည်းလမ်းဖြင့် ချဉ်းကပ်သွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment