
ပြိုင်ဘက်အဖြစ် လန်ဒန်ဆီ ပြန်လာသူ
ပိုချက်တီနို ချဲလ်ဆီးကို
ရောက်လာတဲ့အတွက် ကျွန်တော်တို့
ဝမ်းမြောက်မိတယ်။ သူက
ထူးချွန်ထက်မြက်တဲ့
နည်းပြတယောက်ဖြစ်ပြီး
ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေ
ရှိတယ်။ အသင်းအတွက်
အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့
ကျွန်တော်တို့ မျှော်လင့်တယ်
ချဲလ်ဆီးပူးတွဲပိုင်ရှင်တွေဖြစ်တဲ့
တော့ဒ်ဘိုလီ၊ အက်ဂ်ဘာလီ၊
ဖီလီစီယာနို၊ မာ့ခ်ဝေါ်လ်တာ၊
ဟန်းဂျော့ဝိုက်စ်တို့ရဲ့
ပူးတွဲကြေညာချက် ဖြစ်ပါတယ်။
နည်းပြသစ်အဖြစ်
ပိုချက်တီနိုကို တရားဝင်
ခန့်အပ်လိုက်ပြီးနောက်
တရားဝင် ထုတ်ပြန်လိုက်တာပါ။
အာဂျင်တိုင်းသားက
လန်ဒန်ကလပ်အတွက်
ဦးစားပေးပစ်မှတ်။
ကူကယ်ရာမဲ့သလိုဖြစ်နေတဲ့
ချဲလ်ဆီးကို ပိုချက်တီနို
ဘယ်လိုစွမ်းဆောင်ပေးနိုင်မလဲ
အားလုံးက မျက်လုံးဒေါက်ထောက်
ကြည့်နေကြပြီ။ သူက ပေါ်တာ၊
ဘရူနိုဆော်လ်တာ၊ လမ်းပတ်တို့
နောက်ပိုင်း တော့ဒ်ဘိုလီလက်ထက်
၄ ဦးမြောက် ချဲလ်ဆီးနည်းပြ
ဖြစ်လာခဲ့ပြီ။ ၂ နှစ်စာချုပ်ထားတယ်။
ပြည့်ရင် နောက်တနှစ် ထပ်မံ
သက်တမ်းတိုးခွင့်လည်း ရှိပါတယ်။
ထုံးစံအတိုင်း ပိုချက်တီနိုက
နည်းပြအဖွဲ့ဝင်တွေအဖြစ်
သူနဲ့လက်တွဲခဲ့တဲ့ ဂျီးဆပ်စ်ပီရက်ဇ်၊
ဒီအဂေါ့စတီနို၊ ဂိုးနည်းပြအဖြစ်
တိုနီဂျီမီနက်ဇ်နဲ့ ကြံ့ခိုင်ရေးနည်းပြအဖြစ်
သားဖြစ်သူ ဆီဘက်ရှန်တို့ကို
ခေါ်ယူထားတယ်။ ဆိုးအတူ
ကောင်းအတူ အတူရင်ဆိုင်လာတဲ့
ယုံကြည်ရသူတွေနဲ့ လက်တွဲတော့မှာ။
၂၀၂၂/၂၀၂၃ ဘောလုံးရာသီက
ချဲလ်ဆီးအတွက်တော့ ဘယ်လိုမှ
လက်ခံလို့မရတဲ့ ရာသီတခုပါ။
အပြောင်းအရွှေ့မှာ ပေါင်သန်း ၆၀၀
လောက်အထိသုံးပြီး ကစားသမားသစ်တွေ
ခေါ်တယ်။ ဒါပေမဲ့ ရလဒ်ကတော့
အားလုံးသိတဲ့အတိုင်း။ အခုနောက်ဆုံး
လမ်းပတ်ကို ယာယီနည်းပြအဖြစ်
ပြန်ခေါ်ရတဲ့အထိကို ဆိုးရွားခဲ့တာပါ။
အသင်းက ငါးသိုင်းများပြီး
ဟင်းဟုန်နေသလို ဖြစ်နေတယ်။
မျှော်လင့်ထားသလောက်
ဖြစ်မလာခဲ့ဘူး။ အက်ဖ်အေနဲ့
ခါရာဘောင်မှာ တတိယအဆင့်၊
ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်၊
ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နဲ့
စခန်းသိမ်းတယ်။ ဒါဟာ
ပရီးမီးယားလိဂ်တည်ထောင်သူ
အသင်းတွေထဲက တသင်းဖြစ်တဲ့
ချဲလ်ဆီးအတွက် ၁၉၉၄-၁၉၉၅
ရာသီကရခဲ့တဲ့ အဆင့် ၁၅ နောက်ပိုင်း
၂၉ နှစ်အတွင်း အဆိုးရွားဆုံး
လိဂ်ရပ်တည်မှု ဖြစ်ခဲ့တယ်။
တကယ်တော့ သူဟာ ပီအက်စ်ဂျီနဲ့
လမ်းခွဲခဲ့တဲ့ ၂၀၂၂ ဇူလိုင်လနောက်ပိုင်း
ကမ်းလှမ်းမှုတွေ ရခဲ့တယ်။ တခုမှ
လက်မခံခဲ့ဘူး။ အသင်းဟောင်း
စပါးတောင် ပါသေးတယ်။ အင်္ဂလန်မှာ
လုပ်နိုင်ပါတယ်ဆိုတာကို
သက်သေပြခွင့်ရဖို့ အခွင့်အရေး
စောင့်နေခဲ့ပုံ ရပါတယ်။
အခုတော့ စပါးရဲ့ ပြိုင်ဘက်အဖြစ်
လန်ဒန်ကို ရောက်လာခဲ့ပြီ။ ဇူလိုင်
၁ ရက်မှာ ချဲလ်ဆီးကို တရားဝင်
စကိုင်မယ်။ မီဒီယာတွေကတော့
တိုက်စစ်မှူးစစ်စစ်တယောက် ခေါ်မှ
ရမယ်လို့ ထောက်ပြထားတယ်။
အင်တာကို အဌားချထားတဲ့ လူကာကူက
ဒဏ်ရာမင်းသားဆိုတော့ ယုံစားလို့
မရဘူး။ သူ့ရဲ့အားသာချက်က
လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့
ပွဲထုတ်တတ်တာ ဖြစ်ပါတယ်။
ကစားသမားတွေကို ညီအကိုလို၊
ဆရာလို ဆက်ဆံတတ်တယ်။
ပြိုင်ဘက်တွေကို ဖိအားပြင်းပြင်းပေးပြီး
ဆွဲဆောင်မှုကောင်းတဲ့ ကစားဟန်နဲ့
ချဉ်းကပ်လေ့ရှိတဲ့ ပိုချက်တီနိုလက်ထက်
ချဲလ်ဆီး ဘာဖြစ်လာမလဲ။
ကစားသမားအပြောင်းအလဲတွေလည်း
မြင်ရမှာ သေချာတယ်။
အခုတောင် မေဆန်မောင့်က လန်ဒန်က
ထွက်တော့မယ်တဲ့။ ပူလီဆစ်လည်း
မသေချာဘူး။ နည်းပြသစ်
လက်ထက်မှာ ကွဲပြားတဲ့ ချဲလ်ဆီးအသစ်ကို
မြင်ရမှာတော့ သေချာတယ်။ ၆ နှစ်ကြာ
ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို
စတမ်းဖို့ဒ်ဘရစ်ချ်က ခန်းမထဲ
ပြန်လည်ဆောင်ယူပေးနိုင်မလားဆိုတာ…