ပြင်သစ်အသင်းမှ နုတ်ထွက်မည်ဆိုခြင်းက သတင်းတုသာဖြစ်ကြောင်း ပေါ့ဂ်ဘာ ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာက အစ္စလာမ် ဘာသာဝင်များအပေါ် ပြင်သစ်သမ္မတ မက်ခရွန်၏ ဝေဖန်မှုအား စိတ်ဆိုးဒေါသထွက်ကာ ပြင်သစ် လက်ရွေးစင်အသင်းမှ နုတ်ထွက်တော့မည်ဆိုသော သတင်းများကို ငြင်းဆိုလိုက်သည်။

ထို့အပြင် ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ၎င်းက အဆိုပါ သတင်းတု၊ သတင်းအမှားများမှာ လက်ခံနိုင်စရာ မရှိသော လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောသည်။

ပြင်သစ်အသင်းမှ ပေါ့ဂ်ဘာ နုတ်ထွက်လိုက်ပြီ ဆိုသော သတင်းများကို အရှေ့အလယ်ပိုင်း ဒေသမှ မီဒီယာများက ယနေ့အစောပိုင်းအတွင်း အကျယ်တဝင့် ဖော်ပြရာမှ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ခြင်း ဖြစ်သည်။

တမန်တော် မိုဟာမက်ကို လှောင်ပြောင်သော ကာတွန်းအား ကလေးသူငယ်များကို ပြသခဲ့သည့် အသက် ၄၇ နှစ်အရွယ် ပြင်သစ်လူမျိုး ကျောင်းဆရာ ဆမ်မြူရယ်ပါတီ ခေါင်းဖြတ်အသတ်ခံရခြင်းနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ မက်ခရွန်က အစ္စလာမ်မစ် အကြမ်းဖက်များ၏ တိုက်ခိုက်မှုဟု သုံးနှုန်းခဲ့သည်။

ထို့အပြင် မက်ခရွန်က အစ္စလာမ္မစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းက စည်းလုံးညီညွတ်မှုနှင့် အကြမ်းဖက်မှုအား လက်မခံဆိုသော ခိုင်မြဲသည့် ရပ်တည်မှုပင်ဖြစ်သည်ဟု ပြောသည်။

မက်ခရွန် ဦးဆောင်သော ပြင်သစ်အစိုးရသည် ဆမ်မြူရယ်ပါတီကို နိုင်ငံ၏ အမြင့်ဆုံးဆုကို ပေးအပ်ခဲ့ရာ အသက် ၂၀ စွန်းစွန်းတွင် ဘာသာကူးပြောင်းခဲ့သော ပေါ့ဂ်ဘာက အဆိုပါ လုပ်ရပ်အား မခံမရပ်နိုင်ဖြစ်ကာ ပြင်သစ်အသင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု အရှေ့အလယ်ပိုင်း မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော်လည်း ပေါ့ဂ်ဘာက ပြင်သစ်အသင်းမှ နုတ်ထွက်မည် မဟုတ်ဟု ၎င်း၏ အင်စတာဂရမ်မှ အတည်ပြုခဲ့သလို “လက်ခံနိုင်စရာ မရှိတဲ့ သတင်းအမှားတွေပါပဲ။ ဒီသတင်းတွေက စိတ်ပျက်စရာ၊ ဒေါသထွက်စရာ၊ ရွံစရာ၊ အဖျက်အမှောင့်တွေပဲ” ဟု ရေးသားခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment