
ပြင်သစ်သားကြောင့် အသည်းကွဲခဲ့ရတဲ့ ပါရီမြို့ကြီးသားများ
မနေ့ညက ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့က ဒါလုဇ်ကွင်းမှာ ကျင်းပပြုလုပ်တဲ့ ချန်ပီယံလိဂ်နောက်ဆုံး ဗိုလ်လုပွဲမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က ပြင်သစ်တောင်ပံကစားသ မား ကင်းစလေကိုမန်ရဲ့ ပွဲချိန် ၅၉ မိနစ်မှာသွင်းယူတဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်း ကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်လာတဲ့ ပီအက်စ်ဂျီဟာ နေမာ၊ အမ်ဘာပီ၊ ဒီမာရီယာတို့ကို တိုက်စစ်မှာထားကစားခဲ့သလို ၂၀၁၉ နိုဝင်ဘာမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ကိုဗက်ရဲ့နေရာ အစားဝင်လာတဲ့ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ကလည်း လီဝမ်ဒေါစကီးကို အထောင်တိုက်စစ်၊ မူလာနဲ့ ဂနာဘရီတို့က တောင်ပံနှစ်ဖက်ကနေ လိုက်ပါကစားစေခဲ့ပါတယ်။
ဟန်ဆီဖလစ်ဟာ ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်ကို အရန်လူစာရင်းမှာသာထားရှိပြီး ကိုမန်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာက ဘိုင်ယန်အတွက် အားသာချက်ဖြစ်ခဲ့တာ အ မှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တိုက်စစ်ကိုလိုက်ပါလွန်းပြီး ခံစစ်ကို သိပ်မကူနိုင်တဲ့ ပီအက်စ်ဂျီညာနောက်ခံ လူခါရာရဲ့အခြမ်းကနေ ကိုမန်ရဲ့ထိုးဖောက်မှုတွေက ထိရောက်မှုရှိခဲ့တာကြောင့်ပါပဲ။
ပီအက်စ်ဂျီအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၃၈ ရာခိုင်နှုန်းသာ ရခဲ့တယ်ဆိုပေမယ့်လည်း ဘိုင်ယန်နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ပထမပိုင်းမှာ နေမာရဲ့အနီးကပ်ကန်ချက်၊ အမ်ဘာပီရဲ့ကန်ချက်တွေကို ဂိုးသမားနူအာ ကာကွယ်နိုင်ခဲ့တာကြောင့်သာ ဂိုးမရခဲ့တာပါ။
ဘိုင်ယန်ဘက်ကလည်း လီဝမ်ဒေါစကီး ရဲ့ကန်ချက် ဂိုးတိုင်ထိထွက်ခဲ့သလို အနီးကပ်ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမားနာဗက်စ် ကာကွယ်နိုင်တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဘိုင်ယန်က ပိုမိုဖိကစားခဲ့ပြီး ဝမ်းတူးတွဲလုံးတွေ၊ တစ်ချက်ထိ အမြန်ပေးကစားပုံ တွေက သပ်ရပ်လာသလို အမှားအယွင်းလည်း ကင်းလာပါတယ်။ ပီအက်စ်ဂျီကတော့ နေမာ၊ အမ်ဘာပီတို့ရဲ့တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်တာများပြီး ဘောလုံးအပျက်များနေတဲ့ ဒီမာရီယာကို စောစောစီးစီး လူမလဲခဲ့တဲ့ နည်းပြသောမတ်စ်တူချယ်ရဲ့လူစားလဲမှုကလည်း လိုအပ်ချက်တွေရှိခဲ့ပါတယ်။
၅၉ မိနစ်မှာတော့ ကင်မစ်ချ် ညာတောင်ပံ ဂိုးဧရိယာထိပ်က အလိုက်သင့်တင်ပေးတာကို လူကပ်ခံထားရခြင်းမရှိတဲ့ ကိုမန်က နာဗက်စ်ရဲ့ဘယ်ဘယ်ထောင့်ထဲ ခေါင်းတိုက်ကာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်(၁၃ ကြိမ်)၊ အေစီမီလန်(၇ ကြိမ်)ပြီးရင် ဘိုင်ယန်ဟာ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ကိုမန်ကလည်း ဘန်ဇီမာ(၂၀၁၈)၊ ဇီဒန်း(၂၀၀၂)၊ ဒက်ဆယ်လီ(၁၉၉၄)၊ ဘိုလီ(၁၉၉၃)တို့ပြီးရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ ပဉ္စမမြောက် ပြင်သစ်သားဖြစ်လာသလို ၅၅ နှစ်၊ ၁၈၁ ရက်အရွယ် ဟန်ဆီဖလစ်ကလည်း ဂိုသယ်(၇၁ နှစ်၊ ၁၉၉၃ မာဆေးလ်)၊ ဂျပ်ဟေးနက်စ်(၆၈ နှစ်၊ ၂၀၁၃ ဘိုင် ယန်)၊ ဖာဂူဆန်(၅၇ နှစ် နှင့် ၆၆ နှစ်၊ ၁၉၉၉၊ ၂၀၀၈ မန်ယူ)တို့နောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားရ စတုတ္ထအသက်အကြီးဆုံးနည်းပြ ဖြစ်လာပါတယ်။
🇩🇪 ဘိုင်ယန်မြူးနစ် လူစာရင်း
နူအာ၊ ဘိုတန်(ဆူလီ-၂၅)၊ အလာဘာ၊ ကင်မစ်ချ်၊ ဒေးဗီးစ်၊ အယ်ကန်တာရာ(တိုလစ်ဆို-၈၆)၊ ဂို ရက်ဇ်ကာ၊ ဂနာဘရီ(ကော်တင်ညို-၆၈)၊ ကိုမန်(ပါရီဆစ်-၆၈)၊ မူလာ၊ လီဝမ်ဒေါစကီး
🇫🇷 ပီအက်စ်ဂျီ လူစာရင်း
နာဗက်စ်၊ ဆေးလ်ဗား၊ မာကွင်ဟို့စ်၊ ဟွမ်ဘားနက်(ကာဇာဝါ-၈၀)၊ ကင်ပမ်ဘီ၊ ခါရာ၊ ဒီမာရီယာ(ချူပို မိုတင်း-၈၀)၊ ဟာရဲရား(ဒရက်စလာ-၇၂)၊ ပါရီဒက်စ်(ဗာရက်တီ-၆၅)၊ နေမာ၊ အမ်ဘာပီ