ပြင်သစ်ရထား ဖြတ်ကြိတ်သွားတဲ့ မော်ရိုကိုရဲ့ ဗိုလ်လုပွဲ အိပ်မက်

ပြင်သစ် ၂-၀ မော်ရိုကို

အမ်ဘာပေ စက်ခေါင်းကြီးနဲ့ အရှိန်အဟုန် ပြင်းပြင်း ခုတ်မောင်းလာတဲ့ ပြင်သစ် ရထားကြီးဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက် ပထမဆုံး အာဖရိက အသင်း ဖြစ်လာဖို့ အိပ်မက်နေတဲ့ မော်ရိုကို အသင်းကို တစစီ ဖြစ်အောင် ဖြတ်ကြိတ် သွားခဲ့ပါပြီ။

လက်ရှိ ချန်ပီယံ ပြင်သစ်ဟာ ၁၉၆၂ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ၆၀ လောက် ဘယ်အသင်းမှ မလုပ်နိုင်သေးတဲ့ နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ တစ်ပွဲသာ လိုပါတော့တယ်။

ဒီပွဲမှာ ပြင်သစ် အသင်းဟာ ကွင်းထဲက များပြားလှတဲ့ မော်ရိုကို ပရိသတ်တွေ အသံ တိတ်သွားဖို့ အချိန် ၅ မိနစ်သာ လိုခဲ့ပြီး အမ်ဘာပေရဲ့ ရုန်းကန်မှုကနေ လွတ်ထွက်လာတဲ့ ဘောလုံးကို သီယို ဟာနန်ဒက်က လှလှပပ အဆုံးသတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက် မော်ရိုကို ဂိုးပေါက်ထဲကို ပြိုင်ဘက် ကစားသမား တစ်ဦး ပထမဆုံး သွင်းဖူးတဲ့ဂိုး ဖြစ်ပါတယ်။ (ကနေဒါနဲ့ ပွဲတုန်းက ပေးခဲ့ရတဲ့ ဂိုးက ကိုယ့်ဂိုးကိုယ် သွင်းမိတာ ဖြစ်ပါတယ်)

ချေပဂိုး ရဖို့ တစ်ပွဲလုံး အသည်းအသန် ကြိုးစားခဲ့တဲ့ မော်ရိုကိုရဲ့ မျှော်လင့်ချက်တွေကို ကိုလို မူအာနီက ၇၉ မိနစ်မှာ ဒုတိယဂိုးနဲ့ ရိုက်ချိုးပစ်ခဲ့ ပါတယ်။

ဒီပွဲမှာ နှစ်ဂိုးစလုံး သူ့ကြောင့် ရခဲ့တာ ဖြစ်တဲ့ အမ်ဘာပေဟာ လာမယ့် ဗိုလ်လုပွဲမှာ ခြေစွမ်း ပြနေတဲ့ PSG အသင်းဖော် မက်ဆီနဲ့ ရင်ဆိုင်ရ ပါတော့မယ်။

Facebook Comments Box
Facebook Comment