ပေါ်တူဂီ ၄-၁ ခရိုအေးရှားပွဲတွင် နှာခေါင်းစည်း တပ်ရန် အပြောခံခဲ့ရသည့် ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုသည် ပေါ်တူဂီအတွက် ဂိုး ၁၀၀ ပြည့် သွင်းနိုင်ရေး အိပ်မက်မှာ စနေနေ့တုန်းက ခရိုအေးရှားနှင့်ပွဲတွင် အရန်ခုံတွင် ထိုင်နေခဲ့ရမှုနှင့်အတူ နောက်ထပ် အချိန်တစ်ခု ထပ်စောင့်ဆိုင်းရပါဦးမည်။

ပေါ်တူဂီအသင်းခေါင်းဆောင်သည် နိုဝင်ဘာလတုန်းက လူဇင်ဘတ်နှင့်ပွဲတွင် ၉၉ ဂိုးမြောက်ဂိုးကို သွင်းနိုင်ခဲ့သော်လည်း ဂိုး ၁၀၀ ပြည့်သွင်းနိုင်ရန် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းရကိန်းဆိုက်ခဲ့ပါသည်။

သူသည် အင်မတန်ထူးဆန်းသည့် အဖြစ်အပျက်ကြောင့် ခရိုအေးရှားနှင့်ပွဲကို လွဲချော်ခဲ့ရသည်။ Football Italia ၏‌ ဖော်ပြချက်အရ သူသည် ပျားတုပ်ခံရမှု ကြောင့် ပေါ်တူဂီအသင်းလူစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရပါသည်။ တကယ်တမ်းတွင်လည်း သူသည် ပျားတုပ်ခံခဲ့ရခြင်းဖြစ်သည်။

အသက် ၃၅ နှစ်ရှိ ဂျူဗင်တပ်စတားသည် ပျားတုပ်ဒဏ်ကြောင့် ရောင်ရမ်းပြီး စနေနေ့ပွဲကို လွဲချော်ခဲ့ရသည်။ ထိုမျှမကသေး သူသည် လာမည့် အင်္ဂါနေ့တွင် ဆွီဒင်နှင့်ကစားမည့်ပွဲကိုပါ လွဲနိုင်သေးသည်။

သူသည် ခရိုအေးရှားပွဲကို ပါဝင်ကစားနိုင်ခြင်း မရှိမှုနှင့်အတူ ပွဲကြည့်စင်မှသာ အသင်းကို အားပေးခဲ့ရသည်။ ယင်းပွဲတွင် ပေါ်တူဂီသည် ဂျိူအာအိုကန်စီလို၊ ဒီယေဂိုဂျိုတာ၊ ဂျိူအာအိုဖီးလစ်၊ အင်ဒရေဆေးလ်ဗားတို့၏သွင်းဂိုးဖြင့် ခရိုအေးရှားကို ၄-၁ဖြင့် အနိုင်ရရှိခဲ့သည်။

သို့ရာတွင် သူအတွက် ထပ်မံ ကံဆိုးသည်က ပွဲကြည့်စင်တွင် ပွဲကြည့်နေရင်း နှာခေါင်းစည်း မတပ်ဘဲ ပွဲကြည့်နေခဲ့မိခြင်း ဖြစ်သည်။ ရော်နယ်ဒိုသည် ပတ်ပတ်လည်ရှိ လူအားလုံးမှာ နှာခေါင်းစည်း ကိုယ်စီ တပ်ဆင်ထားကြသော်လည်း သူ့မှာမူ နှာခေါင်းစည်း မတပ်ဆင်ဘဲ ပွဲကြည့်နေခဲ့သည်။ ထို့ကြောင့် အသင်း ဝန်ထမ်း တစ်ဦးက ခရစ္စတီယာနိုရော်နယ်ဒိုထံသို့ ရောက်လာကာ နှာခေါင်းစပ် တပ်ဆင်ရန် ပြောကြားခဲ့ရပါသည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ဒုတိယလှိုင်း ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရေး တားဆီးနိုင်သည့် တစ်ခါတည်းသောအရာမှာ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ရန်နှင့် လက်ကိုမကြာခဏဆေးပေးရန်တို့ ဖြစ်သည်။

ထို့ကြောင့် စာဖတ်ပရိသတ်များလည်း အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ကြဖို့ မမေ့ကြပါနဲ့။

Facebook Comments Box
Facebook Comment