ပေါ်တူဂီအတွက် ကစားနေစဉ် ခရစ္စတီယာနိုရော်နယ်ဒို၏နေအိမ် ဖောက်ထွင်းခံရ

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညတုန်းက ပေါ်တူဂီအသင်းအတွက် ခရစ္စတီယာနိုရော်နယ်ဒို ကစားနေစဉ် နေအိမ်ဖောက်ထွင်းခြင်း ခံခဲ့ရကြောင်း သိရသည်။ အသက် ၃၅ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒို စပိန်သို့ ခြေစမ်းပွဲ ကစားရန် ရောက်ရှိနေစဉ်အတွင်း မာဒီယာရှိ ပေါင် ၇ သန်းတန် နေအိမ် ဖောက်ထွင်းခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဖောက်ထွင်းခံရချိန်မှာ ခရစ္စတီယာနိုရော်နယ်ဒို၏ချစ်သူ ဂျော့ဂျီနာရိုဒရီဂွက်ဇ်မှာလည်း Paris Fashion Week သို့ ရောက်ရှိနေသည်။

ဒေသတွင်း သတင်းစာ Diario de Noticias Madeira က ဖောက်ထွင်းသမားများသည် ခရစ္စတီယာနိုရော်နယ်ဒို၏နေအိမ် ဝန်ထမ်းတစ်ဦး၏ နောက်ဖေးပန်းခြံတံခါးဖွင့်ပေးမှုကြောင့် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရေးသားထားသည်။

လက်ရှိအချိန်တွင် ဒေသခံရဲတပ်ဖွဲ့သည် ဖောက်ထွင်းခိုးခဲ့သူများကို စုံစမ်းရှာဖွေ လျက်ရှိသည်။

ဖောက်ထွင်းသမားများ ခိုးယူသွားခဲ့သည့် ပစ္စည်းများတွင် လက်မှတ်ရေး ထိုးထားသည့် ဂျူဗင်တပ်အင်္ကျီတစ်ထည်လည်း ပါဝင်ကြောင်း သိရသည်။

သူခိုးများ နေအိမ်သို့ ဖောက်ထွင်း ခိုးဝင်နေချိန်တွင် ခုနှစ်ထပ်တိုက်ရှိ နေအိမ်တွင် မိခင်ဖြစ်သူနှင့်အစ်ကိုဖြစ်သူ ဟူဂို ရှိနေ/မနေကို အတိအကျ မသိရသေးချေ။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ၂၀၁၅ ခုနှစ်တုန်းက ယင်းမြေကွက်ကို ဝယ်ယူပြီး ၄ နှစ်ကြာ မွန်းမံ တည်ဆောက်ခဲ့ပြီး ရေကူးကန်နှစ်ခု၊ ဂျာကူဇီ၊ ဘောလုံးကွင်းတစ်ကွင်းတို့ ပါဝင်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် ယင်းနေအိမ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ကာလတုန်းက အဓိကနေထိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment