ပေါ့ဘာကို ယူနိုက်တက် တစ်နှစ်စာချုပ် သက်တမ်းတိုးထားပြီးပြီ

မန်ချက်စတာယူတိုက်တက်သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက စာချုပ်ပါ အချက်အတိုင်း ပေါလ်ပေါ့ဘာကို တစ်နှစ်စာချုပ်သက်တမ်းတိုး ချုပ်ဆိုထားပြီး ဖြစ်ကြောင်း သိရသည်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ် ကစားသမား၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးမည် ဖြစ်ပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မည့် အချက် ပါဝင်သည်။

ဂျူဗင်တပ်ကွင်းလယ် ကစားသမားဟောင်းသည် လွန်ခဲ့သည့် တစ်ပတ်တုန်းက တစ်နေ့တွင် ရီးရဲလ်မက်ဒရစ်သို့ သွားရောက် ကစားလိုသည့် အိပ်မက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ယူနိုက်တက်သည် ပေါ့ဘာက ယင်းသို့ မပြောကြားမီ ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုထားပြီး ဖြစ်ကြောင်း Goal.com က ဖော်ပြလာသည်။

ထို့အပြင် သောကြာနေ့က နယူးကာဆယ်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ပေါလ်က ကျွန်တော်တို့ ကစားသမားပါ။ သူဟာ ဒီမှာ နောက်ထပ် ၂ နှစ် ဆက်နေပါဦးမယ်။ ပေါလ်ဟာ ကျွန်တော်တို့အတွက် အ ကောင်းဆုံးလုပ်နိုင်ဖို့ဘဲ အာရုံစိုက်နေတယ်လို့ ကျွန်တော် အာမခံရဲပါတယ်။ ပေါလ်ရဲ့ အကောင်းဆုံးပုံစံကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ လာမယ့်နှစ်တွေ အတွင်းမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ကျွန်တော်တို့ ရရှိဖို့ သေချာနေပါတယ်”ဟု ပြောကြားခဲ့သည်။

ပေါလ်ပေါ့ဘာသည် ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်မှ ယူနိုက်တက်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူသည် ယူနိုက်တက်တစ်ကျော့ပြန်ခရီးတွင် ခြေစွမ်းအနိမ့်အမြင့် အတက်ကျများ ဖြစ်လာမှုကြောင့် ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ သူသည် ၂၀၁၉-၂၀ ရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်ခဲ့ရသော်လည်း ရာသီနှောင်းပိုင်းတွင် ယူနိုက်တက်ကို အမှတ်ပေးဇယား တတိယနေရာနှင့် ယူရိုပါလိဂ် ဆီမီးဖို်ငနယ်သို့ တက်ရောက်အောင် အဓိကနေရာမှ ခြေစွမ်းပြကစားကာ ကူညီခဲ့သည်။

Facebook Comments Box
Facebook Comment