
ပေါ့ဂ်ဘာ မန်ယူမှာဆက်နေမယ်လို့ ရွိုင်အိုလာ အတည်ပြု
မန်ယူကွင်းလယ်ဖန်တီးရှင် ပေါလ်ပေါ့ဂ်ဘာ၏အေးဂျင့် မီနိုရွိုင်အိုလာက သူ၏ကစားသမားသည် ယခုနွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းမှ ထွက်ခွာမည်မဟုတ်ဘဲ စာချုပ်ပြည့်လျှင်လည်း သက်တမ်းတိုးရန် ဆွေးနွေးသွားမည်ဟု အတည်ပြုပြောကြားလိုက်သည်။
ဂျူဗင်တပ်စ်မှ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အသင်းဟောင်းမန်ယူသို့ ပြန်လည်ပြောင်း ရွှေ့လာသော ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာသည် နည်းပြဟောင်းမော်ရင်ညို လက်ထက်တွင်သာမက ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးမဖြစ်မီကလည်း ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

အသက် ၂၇ နှစ်အရွယ် ပေါ့ဂ်ဘာနှင့် မန်ယူအသင်းတို့ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ တစ်နှစ် သာကျန်တော့ပြီး ယခုနွေရာသီတွင် မရောင်းလျှင် စာချုပ်ပြည့်ပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုရမည်ဖြစ်သည်။
သို့သော် စူပါအေးဂျင့် ရွိုင်အိုလာက ပေါ့ဂ်ဘာသည် မန်ချက်စတာအခြေစိုက်အသင်းမှ ထွက်ခွာရန်မစဉ်းစားဘဲ စာချုပ်ပြည့်မည့် ၂၀၂၁ နောက်ပိုင်းတွင်လည်း သက်တမ်းတိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ပြောသည်။
Sky Sports Italia သတင်းဌာနနှင့်တွေ့ဆုံရာတွင် ရွိုင်အိုလာက “ပေါလ်ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်နေသွားမှာပါ။ သူက အသင်းရဲ့အဓိက ကစားသမားဖြစ်ပြီး အသင်းရဲ့အရေးပါတဲ့ စီမံကိန်းတွေထဲ ၁၀၀ ရာခိုင်နှုန်းပြည့် ပါဝင်ပါတယ်။ မန်ယူကလည်း ဒီနွေရာသီမှာ ပေါ့ဂ်ဘာအတွက် ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံမှာမဟုတ်သလို ရောင်းချမှာလည်း မဟုတ်ပါဘူး။ စာချုပ်ပြည့်သွားရင်လည်း စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာပါ။ ဘာဖိစီးမှုမှ မရှိပါဘူး” ဟု ဆိုသည်။
Ref: SkySports