ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးကို ယူနိုက်တက် လျှော့ချခဲ့၍ ရီးရဲလ် ကမ်းလှမ်းမည်

မန်ချက်စတာ ယူနိုက်တက်သည် ပြင်သစ်ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာ၏ ပြောင်းရွှေ့ကြေးကို ပေါင် ၅၃ သန်းအထိ လျှော့ချလိုက်ပြီဖြစ်ရာ ၎င်းကို ခေါ် ယူချင်သည့် အသင်းများ ထွက်ပေါ်လာကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

ထိုအထဲတွင် အသက် ၂၇ နှစ်အရွယ် ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ့ဂ်ဘာကို ခေါ်ယူရန် ကြိုးစားဖူးသော လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်က ယူနိုက်တက်ဘက်မှ သတ်မှတ်ထားသော ပေါင် ၅၃ သန်းဖြင့် လာမည့် နွေရာသီ၌ ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေကြောင်း စပိန် အားကစားသတင်းစာ AS က ရေးသည်။

၂၀၁၆ တွင် ဂျူဗ်တပ်စ်မှ အသင်းဟောင်း ယူနိုက်တက်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့လာသော ပေါ့ဂ်ဘာသည် ယခုရာသီအတွင်း ပုံမှန်ပွဲကစားခွင့် ပျောက်ဆုံးလျက်ရှိပြီး အသင်းကလည်း ရလဒ်များ ဆိုးရွားနေသည်။

ယူနိုက်တက်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် စာချုပ်ပြည့်မည့် ပေါ့ဂ်ဘာကို သက်တမ်းကုန်ချိန်အထိ အသင်း၌ ဆက်မထားတော့ဘဲ လာမည့် နွေရာသီ တွင် ရောင်းချနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးအား ပေါင် ၅၃ သန်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းသည် ပေါ့ဂ်ဘာကို ခေါ်ယူချင်၍ ကမ်းလှမ်းခဲ့ဖူးသော် လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထမမြောက်ခဲ့ပေ။

ပေါ့ဂ်ဘာသည် ဘရူနိုဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်တို့ကြောင့် လတ်တလောတွင် ပွဲထွက်ကစားခွင့် ပျောက်ဆုံးလျက်ရှိပြီး ယခုနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်၌ ပွဲထွက်လူစာရင်းမှ ၄ ပွဲသာ ကစားခွင့်ရထားသည်။

ထို့အတွက်ကြောင့် လာမည့် နွေရာသီအပြောင်းအရွှေ့တွင် ပေါ့ဂ်ဘာကို ကမ်းလှမ်းရန် ပြင်ဆင်နေသလို ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီကိုလည်း တစ်ပြိုင်တည်း ခေါ်ယူနိုင်ရေး ကြိုးစားသွားမည်ဟု သိရသည်။

Ref:AS

Facebook Comments Box
Facebook Comment