
ပေါ့ဂ်ဘာမွှေတဲ့ မီးနဲ့ စီးပွားရေး မန်ချက်စတာ ယူနိုက်တက်
ထွန်းထွန်းဦး(လှိုင်)
တစ်ခါသားက ကျွန်တော် ပြောခဲ့သလိုပါပဲ။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက် ပန်းစစ်စစ်တွေ မပွင့်တော့ပါဘူး။ စီးပွားရေးဟာ ယူနိုက်တက် နိုင်ငံတော်အထက်မှာ ခိုင်ခိုင်မြဲမြဲနဲ့ ရပ်တည်လိုက်ကြပါပြီ။(ဒါလည်းကြာခဲ့ပါပြီ)
ရလဒ်တွေလား။ ဘေးချိတ်ထား၊ လိုအပ်တဲ့ ငွေသားပမာဏ ဖြစ်ထွန်းအောင်မြင်ခွင့်သာ နည်းလမ်းအစုံနဲ့ ပြင်ဆင်ဖြည့်ဆည်းဖို့ကိုပဲ အာရုံစိုက် အားထားလာတဲ့ အားကစား-စီးပွားရေး (မဟုတ်ဘူး။ တကယ်တော့ စီးပွား-စီးပွားရေး) အသွင်နဲ့ ခရီးဆက်နေတဲ့ လမ်းပေါ်မှာ ယူနိုက်တက်ဟာ အားကစားယူနိုက်တက် မဟုတ်တော့သလိုလိုပါပဲ။
စီးပွားရေးကို ကြည့်လွန်းတဲ့ ယူနိုက်တက် ဖြစ်နေသမျှတော့ ဒီအတိုင်းပဲ လာလိမ့်မယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ပါ။ (ဒီအချိန်မှာ ပီတာကင်ညွန်တို့လိုမျိုး ယူနိုက်တက်ကို စီးပွားရေးရော အားကစားမှာပါ ချဲ့ထွင် ဇာတ်စီးနိုင်တဲ့လူမျိုး ပြန်သတိရမိတယ်)
ပြိုင်ပွဲတွေမှာ ရပ်တည်နိုင်စွမ်းနဲ့ ဖလားရယူနိုင်စွမ်းရဲ့ နောက်ကွယ်က ငွေပမာဏထက် ကမ္ဘာပတ်ရှာပြီး ရမယ့်ဝင်ငွေနဲ့ ကစားသမားခေါ်လိုက်ရင် နောက်က ပါလာမယ့် ငွေထုပ်တွေရဲ့ အတိမ်အနက်တွေကို ချရေးပြီး စာရင်းတွေလုပ်နေရင် ဘယ်တော့မှ ယူနိုက်တက်ဟာ ယူနိုက်တက်စစ်စစ်တွေ ဖြစ်လာတော့မှာ မဟုတ်ဘူး။
ရလဒ်တွေ အပေါ်မှာတောင် သံသယရှိလာခဲ့တဲ့ အချိန်တွေ ပရိသတ်တွေအဖို့ ဘယ်လောက်တောင်များ ဖြတ်သန်းခဲ့ရပြီးပြီလဲဆိုတာ ပြန်ဆန်းစစ်ပြီး မေးခွန်းထုတ်ချင်စရာပါ။
တွေးမယ်ဆိုရင် တွေးစရာ၊ တောစရာတွေက များတယ်။ အခုနောက်ဆုံး အာဆင်နယ်ကို ရှုံးခဲ့တယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အားလုံး ငုတ်တုတ်မေ့ခဲ့ကြတယ်။

အူဘာမီယန်ရဲ့ ပင်နယ်တီသွင်းဂိုး တစ်လုံးတည်းနဲ့ ယူနိုက်တက်ဟာ နလံမထူနိုင်တော့ဘူး။ ပြန်တိုက်ခွင့် ဆိုတာကို အိမ်ရှင်အားသာချက်နဲ့ ဘာမှ ထိထိမိမိ မယူနိုင်ခဲ့သလို၊ တစ်ဖက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခွင့်တွေကလည်း ရင်ခုန်စရာကို မကောင်းခဲ့ဘူး။
ကောင်းတာဆိုလို့ ယူနိုက်တက်ခံစစ်မှာ စိတ်ဓာတ်တွေ ပြန်မြင့်တက်လာတာရယ်၊ အမှားတွေ နည်းအောင် လိုက်ကစားကြတာရယ်ဟာ အမြတ်တစ်ခုလိုမျိုး ဖြစ်လာတယ်။
လင်ဒီလော့ဖ် ပြောရဲဆိုရဲ ဖြစ်လာသလို လိုအပ်တာကို အော်ဟစ်ညွှန်ကြားလာတာမျိုးလည်း မြင်ခဲ့ရတယ်။ အရင်လို ပါးစပ်တွေပိတ်ပြီး ငြိမ်ခံနေကြတဲ့ အနေအထားမျိုး မဟုတ်တော့တာ အသင်းအတွက်တော့ အားရစရာပါ။
ခက်တာက ကိုဗစ်ဖြစ်ပြီးပြန်လာတဲ့ ပေါ့ဂ်ဘာပါ။ ထားတဲ့နေရာမှာလည်း ပုံစံကောင်းနဲ့ မနေနိုင်၊ သူလုပ်ရမယ့် အလုပ်လည်း အကောင်းစား မလုပ်ဖြစ်နဲ့ တစ်ပွဲလုံး အာဆင်နယ်အတွက် သူဟာ ယူနိုက်တက် သစ္စာဖောက်လိုတောင် ဖြစ်နေခဲ့တယ်။
သူ့ဆီရောက်တာနဲ့ ဘောလုံးက ပျက်ရင်ပျက်၊ မပျက်ရင် သူများလုတာနဲ့ ပါပါသွားတာဟာ ယူနိုက်တက် ပရိသတ်တွေအဖို့တော့ ကြိတ်မနိုင်ခဲမရ ဖြစ်ရတဲ့ အခိုက်အတန့်တွေပါပဲ၊ လူစားလဲမလား ကြည့်ပြန်တော့ ကျန်တဲ့သူတွေ အသီးသီး လူစားလဲခံလိုက်ရပေမယ့် သူကျန်ခဲ့တယ်။
သြော် … အလန်းဆန်းဆုံး ကစားအားနဲ့ တိုက်စစ်ကို လိုက်ပါကစားချင်စိတ်များတဲ့ သူပဲ။ နည်းပြက ချန်ထားရစ်မှာပေါ့လို့ ဖြည့်တွေးပေးကြသူတွေ ရှိပေမယ့် လက်ကျန်အချိန်တွေမှာ သူဟာ အလယ်တန်းအစွန်ကနေ အတွင်းဝင် ကစားကွက်ဖန်တီးသူ ဖြစ်လာပြန်တော့လည်း ဘာမှကို မထူးခဲ့တာပါ။ တကယ်ကြီးကို မထူးခြားခဲ့သူပါ။
ကွင်းလယ်ကနေ တစ်ဖက် ဂိုးဧရိယာအစပ်ကိုတက်ပြီး ကစားဖော်တွေဆီက ဘောလုံးမျှော်ရင်း ရပ်ရပ်သွားတာနဲ့ပဲ ပြီးနေတယ်။ ဖြတ်တင်ဘော တစ်လုံးတလေလောက်နဲ့ အကျပ်ထဲ ဘောလုံးထိုးပေးပြီး ဆရာကွက်တွေ ခင်းနေရင်းနဲ့သာ အချိန်ကုန်သွားတယ်၊ ဘာမှမလုပ်ဖြစ်ဘူး။
သူ့ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီက ယူနိုက်တက်ကို ၃ မှတ် အိမ်ကွင်းမှာ ဆုံးရှုံးရစေတယ်။ ဖြစ်တတ်ပါတယ်။ အပြစ်တင်တာ မဟုတ်ပါဘူး။
သူဟာ နဂိုပေါ့ဂ်ဘာ ပြန်မဖြစ်လာတော့ဘူး။ စိတ်တွေလည်း သာမန်ထက် မပိုတော့ဘူး။ ယူနိုက်တက် အသွေးအသားတွေ စီးဆင်းနေတာမျိုး မြင်ကို မမြင်ရတော့တာပါ။
လစာလည်း များတယ်။ တန်ဖိုးကလည်း ကြီးတယ်။ စာချုပ်ကလည်း ၃၀၊ ၆၊ ၂၀၂၂ မှာ ကုန်မှာဆိုတော့ မသုံးဘဲ ဘေးချောင်ထိုးထားရင် ငွေကုန်ပြီး အဖတ်မတင်တာဘဲ ဖြစ်နေလိမ့်မယ်။

ဒီတော့ မရှိသုံးဟာ အလုပ်ဖြစ်မလားဆိုတာလည်း ထည့်တွေးဖြစ်တယ်။ ဒီခြေအတိုင်းဆိုရင် ယခင်ပေါက်ဈေး ယူရိုသန်း ၁၀၀ ဟာ ၂၀၂၀ မှာတော့ ယူရိုသန်း ၈၀ နဲ့ဈေးဖြတ်ထားတဲ့ ဟန်ထက် နိမ့်ဖို့သာ ရှိနေလိမ့်မယ်။
သူ့အေးဂျင့်ကလည်း ကစားသမားကို ဈေးတင်ခေါ် ရိုက်တဲ့ လူစားဆိုတော့ ကိုဗစ်ကာလမှာ အသင်းပြောင်းဖို့ ကိစ္စတွေနဲ့ ပတ်သက်ရင် ဘာမှလုပ်မရတော့ ဒီအတိုင်း ငြိမ်နေပြန်တယ်။
သူဆွခဲ့ ဖွခဲ့လို့လည်း ယူနိုက်တက်ရဲ့ အောင်နိုင်ရေး နည်းလမ်းတွေ ပျောက်ရှခဲ့ဖူးသလို စည်းလုံးမှုလည်း ပြိုကျခဲ့ရဖူးပြီလေ။ ထပ်ဖြစ်လာရင်တော့ အားလုံးရှုပ်ကုန်မယ့် သဘောရှိတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့ဂ်ဘာမွှေတဲ့မီးကတော့ ယူနိုက်တက်မှာ တောက်လောင်နေတုန်းပဲ။
သူ့နေရာအစားထိုးဖို့ ခေါ်ထားတဲ့ ဗန်ဒါဘိခ်ကို ကြည့်တော့လည်း လူစားဝင် ခရီးသည်အဖြစ် ကာဗာနီလို ဘေးထိုင်နေရတုန်းပါပဲ။ ဝိုင်းပြောလို့ ထည့်ကစားဖြစ်တာကလွဲရင် ပုံစံမှန်တွေ မမြင်ရသေးဘူး။
အသားမကျမှုတွေနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေ တည်ဆောက်နေရတုန်းပါပဲ။ သူရယ်၊ ပေါ့ဂ်ဘာရယ်၊ ဘရူနိုရယ်၊ ၃ ပွင့်ဆိုင် ယူနိုက်တက် ကွင်းလယ်အနေအထားမှာ ဘယ်လိုမျိုး ထည့်သုံးမလဲဆိုတာလည်း စိတ်ဝင်စားတယ်။
အခုအချိန်မှာတော့ ဘရူနိုက ဇာတ်လိုက်၊ သူ့ကိုတည်ပြီး ကျန်တဲ့သူတွေနဲ့ တွဲကစားတာ ကောင်းတယ်။ ဒါပေမဲ့ ပေါ့ဂ်ဘာနဲ့ ဗန်ဒါဘိခ်ကတော့ အဆင်မပြေလှသေးဘူး။ အထာသိတာတောင် ညီညာအောင် တွဲလို့မရဘူးဖြစ်နေတာ ဆိုးတယ်။
ယူနိုက်တက်ကွင်းလယ် အသားမကျနိုင်သမျှတော့ EPL မှာ ရုန်းနေရဦးမယ်နဲ့ တူတယ်။ ပြီးတော့ ဖရက်ဒ်၊ တွမ်မီနေးနဲ့ မာတစ် ၃ ယောက်ကြားမှာလည်း ဖရက်ဒ်က ကောင်းတစ်ခါ ဆိုးတစ်လှည့် ဖြစ်နေတယ်။
အားသန်တဲ့ တိုက်စစ်ကွင်းလယ်သမားက ခံစစ်မှာ ဆင်းကူရတဲ့သူ ဖြစ်နေတော့ သူ့မှာလည်း နေသားကျအောင် အဖျက်သမားဖြစ်နေတာ မြင်မကောင်းဘူး။ မာတစ်ကလည်း ကြီးပြီ၊ ပွဲတိုင်း မကျော်နိုင်တော့ဘူး။ ဒီတော့ မငြိမ်တဲ့ ကွင်းလယ်အနေအထားက တစ်ပွဲတစ်မျိုးဖြစ်တာ မဆန်းတော့ဘူးပေါ့။
အခုတောင် ယူနိုက်တက် ရပ်တည်မှုက အဆင့် ၁၀ အောက်မှာပါ။ အထက်ကိုပြန်တက်ဖို့ မလွယ်သေးဘူး။ ရမှတ်တွေကလည်း ထင်သလို မကောင်းဘူး။ ၆ ပွဲကစားပြီး ၇ မှတ်ဆိုတာ ဘယ်လိုမှကို မဖြစ်သင့်တဲ့ အသင်းကြီးတစ်သင်းရဲ့ အနေအထားပါ။

ဆိုးလ်ရှားကတော့ ပြောစရာကို မလိုတော့တဲ့ ဘုတ်အဖွဲ့ရဲ့ကြိုးဆွဲရာ ရုပ်သေးပါပဲ။ ယူနိုက်တက်ရှုံးလို့ ရလဒ်တွေ ထိုးတက်အောင် ဘေးကနေ ထပြီး အော်ဟစ်မလား မှတ်တယ်။ ထိုင်ခုံပေါ်မှာ မူမပျက် ထိုင်လို့ကောင်းနေတုန်း။
သိပ်ကို အေးဆေးတဲ့ ဦးရေခဲပေါ့။ သူသာ ဖာဂူဆန်လို တစ်ချိန်လုံး ဘေးက အော်ဟစ်၊ လောင်စာမီးကို ထိုးပေးနေရင် သိပ်ကောင်းမှာပဲလို့ ယူနိုက်တက်ပရိသတ်တွေရဲ့ အသံတွေထဲမှာ မကြာမကြာ ပါနေတာ ကြားနေရတယ်။
ဒီအတိုင်း ခရီးဆက်ရင်တော့ မလွယ်ဘူး။ အခန့်မသင့်ရင် တန်းဆင်းဇုန်နား ကပ်နိုင်တယ်။ ပြန်တက်လှမ်းဖို့ ရိုးရာကို ပြင်ဆင်မှရလိမ့်မယ်။
ဒီနှစ်မှာ ဖြစ်နေတာ မန်ယူဟာ EPL ကလွဲရင် ကျန်တဲ့နေရာတွေမှာ အထာနဲ့ ဓာတ်သိမဟုတ်တဲ့ ပြိုင်ပွဲတွေမှာ အောင်နိုင်ရေးတေးသံတွေကို ဖွင့်လှစ်နိုင်ခဲ့တယ်။
မလွယ်ဘူး၊ ထိရှလွယ်နိုင်မယ်ဆိုတဲ့ UCL မှာတောင် အုပ်စုတွင်းဗိုလ်အဖြစ် အောင်ပွဲခံနိုင်သလို ဒုတိယနေရာမှာရှိနေတဲ့ PSG ကိုတောင် ၃ မှတ်ဖြတ်ထားနိုင်တဲ့အထိ စွမ်းနေတာကြောင့် ယူနိုက်တက်ဟာ ပြည်တွင်းထက် ပြည်ပမှာ ပိုပြီး တာစားနေတယ်လို့ ဆိုကြတယ်။
လိုက်ပ်ဇစ်ကို ဂိုးပြတ် ၅-၀ နဲ့ နိုင်ခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ် အောင်ပွဲနဲ့ အာဆင်နယ်ကို ယှဉ်ပြိုင်ခဲ့တဲ့ ခြေစွမ်းကို နှိုင်းမယ်ဆိုရင် ဆီနဲ့ရေ ကွာသလိုပါပဲ။ ယုံလို့ ပုံအပ်ခဲ့သူတွေလည်း သီတင်းကျွတ်မှာ ဒဏ်ရာဆွေးဆွေးတွေနဲ့ အသဲပေါက် မေတ္တာပို့လို့ ကောင်းတုန်းပေါ့။

ကဲ… အခုလာပါပြီ။ မန်ယူဟာ UCL မှာ အုပ်စုတွင်း နောက်ထပ်တစ်ပွဲ ဆက်နွဲှမယ်။ တူရကီကလပ် အစ္စတန်ဘူလ် ဘာဆက်ရှီဟာနဲ့ပါ၊ ဒီကလပ်ကလည်း ကမ္ဘာကျော် ဘောလုံးသမား သက်ကြားအိုတွေကို စုထားတယ်။
ယူနိုက်တက် ကစားသမားဟောင်း ရာဖေးလ်ရှိတယ်။ ၃၅ နှစ်သားတွေဖြစ်ကြတဲ့ စကာတယ်၊ တိုပယ်လ်၊ ဒမ်ဘာဘာနဲ့ ကလစ်ချီတို့ ရှိတယ်။ ပြီးတော့ စပါးစ် ကစားသမားဟောင်း ချက်ဒလီလည်း ရှိတယ်။
UCL မှာ သူတို့တွေ ၂ ပွဲကစားပြီး ၂ ပွဲ ရှုံးထားတယ်။ ယူနိုက်တက်ကတော့ ၂ ပွဲကစားပြီး ၂ ပွဲနိုင်ထားတယ်။ ဒီတော့ ဘာတွေဖြစ်လာမလဲ။
လတ်တလောမှာ ယူနိုက်တက်ဟာ အခြေအနေမကောင်းတဲ့ အာဆင်နယ်အရှုံးနဲ့ ပရိသတ်တွေကြားထဲမှာ ပြောစရာများနေတယ်၊ ဝေဖန်မှုတွေလည်းရိုက်ခတ်နေတယ်။ ဒီတော့ အစ္စတန်ဘူလ် ဘာဆက်ရှီဟာနဲ့ ကစားမယ့် UCL ပွဲမှာ တစ်ခုခုတော့ ပြန်လုပ်ပြမှဖြစ်မယ်။
နို့မို့ဆိုရင် ဆိုးလ်ရှားအတွက် မလွယ်သလို ကစားသမားတွေ အတွက်လည်း အနားမရတဲ့ ပွဲဆက်၊ ပွဲကျပ်တွေအောက်မှာ ရုန်းထွက်ရ ခက်လာနိုင်တယ်။ UCL ပွဲပြီးရင်တော့ မန်ယူဟာ EPL မှာ အဲဗာတန်နဲ့ အဝေးကွင်းပွဲဆက်ကို ထပ်နွှဲရမှာပါ။ ဒီတော့ အနီးဆုံးပွဲကို ဘယ်လိုမျိုး အနိုင်နဲ့ဖြတ်ချမလဲဆိုတာ ကြည့်ရဖို့ ဖြစ်လာတယ်။
ပြီးတော့ ဆက်ပြောဖြစ်တာက ဗြဗ္မာဦးခေါင်းလို ဖြစ်နေတဲ့ ပေါ့ဂ်ဘာကိစ္စကို ဘယ်လိုမျိုး ရှင်းလင်းပြီး အကောင်းစားကွင်းလယ်ကို ဖန်တီးပေးနိုင်မလဲ ဆိုတာပါပဲ။
အဲ့ဒီကွင်းလယ် အထားအသိုသာ ပုံစံတကျဖြစ်သွားရင် မော်ရင်ညိုလက်ထက်တုန်းက ပုံစံထက် ပိုကောင်းမယ့် ဟန်ပန်တစ်ခုကို ပိုင်ဆိုင်ပြီး နေရာမှန်ပြန်ရောက်ဖို့ လမ်းစရှာခွင့် ယူနိုက်တက်မှာ မြင်ရလိမ့်မယ် ဆိုတာပါပဲခင်ဗျာ။