ပေါ့ဂ်ဘာနှင့် အတူတွဲကစား၍ ရကြောင်း ဖာနန်ဒက်စ် တုံ့ပြန်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းဖော် ပေါ့ဂ်ဘာနှင့် ဆက်ဆံရေး ကောင်းမွန်သလို ကွင်းအတွင်း အပေးအယူ မျှမျှတတ ကစား၍ရကြောင်း ပြောကြားလိုက်သည်။

လီဗာပူးလ် နောက်ခံလူဟောင်း ဂျေမီကာရေဂါက ဖာနန်ဒက်စ်နှင့် ပေါ့ဂ်ဘာတို့သည် မတူညီသည့် ကစားပုံများကြောင့် တစ်သင်းတည်း အတူတွဲကစား၍ မဖြစ်နိုင်ကြောင်း သုံးသပ်မှုအပေါ် ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်က တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ကာရေဂါက ယူနိုက်တက်၏ ယခုရာသီအစ ရလဒ်ပိုင်း မတည်ငြိမ်မှုမှာ ကွင်းလယ်ဖန် တီးမှုပိုင်းတွင် ပေါ့ဂ်ဘာနှင့် ဖာနန်ဒက်စ်တို့၏ ကစားပုံကြောင့်ဖြစ်ပြီး ၎င်းတို့နှစ်ယောက်သည် တစ်သင်းတည်း တွဲကစား၍ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

၎င်းက တစ်သင်းတည်းတွင် အတူတွဲကစားခြင်းထက် မတူညီသည့် အသင်းများတွင် သာ တစ်ဦးချင်း ကစားခြင်းက ပိုကောင်းသည်ဟုလည်း ဝေဖန်ခဲ့သည်။

သို့သော်လည်း ယခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့တွင် စပို့တင်းလစ္စဘွန်းမှ ရောက်ရှိကာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၀ ပွဲတွင် ၁၆ ဂိုးသွင်းထားသော ဖာနန်ဒက်စ်က ကာရေဂါ၏ သုံးသပ်မှုမှာ အရေးမပါသော သုံးသပ်မှုသာဖြစ်ကြောင်း ပြောသည်။

အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်စ်က “ကျွန်တော်တို့နှစ်ယောက်က ဆက်ဆံရေးကောင်းရှိတာ အသေအချာပါပဲ။ ကျွန်တော်တို့ နှစ်ယောက်စလုံး အီတလီစကား ပြော တတ်တယ်။ အချိန်အတော်များများ အီတလီလိုပဲ ပြောတယ်။

သူနဲ့ ကျွန်တော်က ကွင်းပြင်ပမှာရော၊ ကွင်းတွင်းမှာပါ ကောင်းမွန်တဲ့ ဆက်ဆံမှုရှိပါ တယ်။ ပေါ့ဂ်ဘာက ပျော်ပျော်နေတတ်သူပါ။ အမြဲတမ်း စနောက်ချင်တတ်တယ်။ သူ အီတလီမှာ ရှိကတည်းက ကျွန်တော် သိပါတယ်။

အခုတော့ ကမ္ဘာ့ချန်ပီယံ ကစားသမားတစ်ယောက်နဲ့ တစ်သင်းတည်း အတူတွဲကစားခွင့် ရထားတယ်။ သူ့လိုလူနဲ့ တစ်သင်းတည်း ကစားခွင့်ရတာ ဝမ်းသာကြည်နူးစရာပါပဲ။ သူ့ဆီက သင်ယူစရာတွေ အများကြီးရှိသလို သူလည်း ကျွန်တော့်ဆီက သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ အတူတကွ ကောင်းတဲ့အရာတွေ လုပ်သွားမှာပါ” ဟု ပြောသည်။

Ref:SkySports

Facebook Comments Box
Facebook Comment