ပေါ့ဂ်ဘာနှင့် ဟာလန်းကို ခေါ်ယူနိုင်မည့် အခွင့်အရေးအား ဘာကာ ပယ်ချခဲ့ဖူး

ဘာစီလိုနာ အသင်း၏ အပြောင်းအရွှေ့အကြီးအကဲဟောင်း အာရီဒိုဘရိုင်ဒါက နူးကမ့်အခြေစိုက် ကလပ်သည် မန်ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းတို့ကို ခေါ်ယူရန် အခွင့်အရေး ရခဲ့သော်လည်း ပယ်ချခဲ့ကြောင်း သိရသည်။

အီတလီလူမျိုး ဘရိုင်ဒါသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဘာစီလိုနာ၏ အပြောင်းအရွှေ့ ကိစ္စရပ်များအား ကိုင်တွယ်ခဲ့ရပြီး နိုင်ငံရပ်ခြားမှ ပါရမီရှင် ကစားသမားများအား ခေါ်ယူရန် အားကစားကော်မတီနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ကာ ခေါ်ယူသင့်သူများကို ခေါ်ယူရသည်။

အဆိုပါ အားကစား ကော်မတီတွင် ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမြူ၊ ဒု-ဥက္ကဋ္ဌများဖြစ်သော ဟာဗီးယားဘော်ဒက်စ်၊ ယော်ဒီမက်စ်ထရီ၊ အယ်ဘာတိုဆိုလာတို့ ပါဝင်ပြီး ဖြစ်နိုင်ဖွယ် အပြောင်းအရွှေ့များအား ပုံမှန်ဆွေးနွေးလေ့ရှိသည်။

အသက် ၇၄ နှစ်အရွယ် ဘရိုင်ဒါသည် အေစီမီလန်တွင်လည်း အလားတူ တာဝန်ထမ်းဆောင်ဖူးပြီး ရုဒ်ဂူးလစ်၊ ကာကာ၊ ရှက်ဗ်ချန်ကို၊ သီယာဂိုဆေးလ်ဗားတို့ကို မီလန်အခြေစိုက် ကလပ်သို့ ရောက်ရှိလာစေရန် ကြိုးပမ်းနိုင်ခဲ့သည်။

ယမန်နှစ်က ဘာစီလိုနာမှ ထွက်ခွာခဲ့သော ၎င်းက ပေါ့ဂ်ဘာ၊ ဟာလန်းနှင့် အခြား ခြေစွမ်းထက် ကစားသမားများကို ခေါ်ယူရန် အကြိမ်ကြိမ် ထောက်ခံခဲ့သော်လည်း ဘာစီလိုနာ တာဝန်ရှိသူများက အမြဲတမ်း ပယ်ချခဲ့သည်ဟု ဖွင့်ဟသည်။

“ကျွန်တော် မလိမ်ပါဘူး။ ဒါအမှန်ပါပဲ။ ကျွန်တော်နဲ့ အယ်ဘာတိုဆိုလာတို့ မီလန်ကို သွားပြီး ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ ကျွန်တော်တို့ စကားတွေ ပြောဆိုခဲ့ပေမယ့် လည်း သူတို့(ဘာစီလိုနာ)က ပေါ့ဂ်ဘာကို အမှန်တကယ် စာချုပ်ချင်တဲ့စိတ် မရှိခဲ့ပါဘူး” ဟု ဘရိုင်ဒါက ပြောသည်။

ဆက်လက်၍ ၎င်းက ဟာလန်း၊ အင်တာမီလန်မှ ဘာရယ်လာ၊ ရိုးမားမှ ဇာနီအိုလိုတို့ကို ခေါ်ယူရန် အကြံပေးခဲ့သော်လည်း ဘာကာတာဝန်ရှိသူများက မသိကျိုးကျွံ ပြုခဲ့သည်ဟု ဆိုသည်။

Ref:goal

Facebook Comments Box
Facebook Comment