ပေါင်ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို အင်တာ တိုက်စစ်မှူးလူကာကူ လွဲချော်ဖွယ်ရှိ

အင်တာမီလန်တိုက်စစ်မှူးလူကာကူသည် ပေါင်ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။ အင်တာမီလန်တိုက်စစ်မှူးသည် အင်္ဂါနေ့တုန်းက ရှက်တာဒိုးနက်စ်နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် ပေါင်နာကျင်မှုဖြစ်ပွားပြီးနောက် MRI စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ ယခုအခါ အင်တာမီလန်က ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးမှာ ပေါင်ကြွက်သားဒဏ်ရာရရှိနေကြောင်း အတည်ပြုသွားသည်။ သို့ရာတွင် အင်တာမီလန်က ယူနိုက်တက်တိုက်စစ်မှူးဟောင်းမှာ မည်မျှ အနားယူရမည်ဆိုသည်ကို ကြေညာသွားခြင်း မရှိသော်လည်း လာမည့်အပတ် ရီးရဲလ်မက်ဒရစ်နှင့်ပွဲကို လွဲဖွယ်ရှိသည်။

လူကာကူသည် စနေနေ့၌ ပါးမားနှင့် ကစားရမည့်ပွဲကို လွဲရန် သေချာနေသည်။ အင်တာမီလန်သည် လာမည့်အပတ် ဗုဒ္ဓဟူးနေ့၌ ဘာနေဗျူးသို့ သွားရောက်ကာ ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ကွန်တီဦးဆောင်သည့် အင်တာမီလန်သည် ချန်ပီယံလိဂ်အဖွင့်ပွဲနှစ်ပွဲလုံး သရေကျထားပြီး ရီးရဲလ်မက်ဒရစ်က တစ်ပွဲရှုံး၊ တစ်ပွဲသရေကျထားသည်။ ယခုကဲ့သို့ လူကာကူ ဒဏ်ရာရရှိသွားမှုမှာ ကွန်တီအတွက် သတင်းဆိုး ဖြစ်နေသည်။

လူကာကူသည် ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၁၁ ပွဲကစားထားရာတွင် ၉ ဂိုးသွင်းယူထားသည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက အင်တာအတွက် ပထမဆုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ်၌ ၃၄ ဂိုးသွင်းယူကာ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒို၏ ဂိုးသွင်းမှတ်တမ်းကို လိုက်မီနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment