ပေါင်ခြံဒဏ်ရာကြောင့် ပီအက်စ်ဂျီ၏ အရေးပါသည့်ပွဲစဉ်များကို နေမာ လွဲမည်

ပီအက်စ်ဂျီစတားနေမာသည် ပေါင်ခြံဒဏ်ရာကြောင့် နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ်များအပြီးအထိ အနားယူရတော့မည် ဖြစ်ကြောင်း သိရသည်။ အသက် ၂၈ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးသည် ကြားရက်တုန်းက အစ္စတန်ဘူလ်ဘာဆစ်ဆီဟာကို ၂-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပီအက်စ်ဂျီသည် တိုက်စစ်မှူးကိန်း၏ သွင်းဂိုး ၂ ဂိုးကြောင့် အနိုင်ရရှိခဲ့သည်။

ပီအက်စ်ဂျီနည်းပြတူချယ်က “ပေါင်မှာ ဒဏ်ရာသေးသေးရခဲ့ပါတယ်။ နိုင်ငံတကာပွဲအပြီးမှာ ပြန်ကစားနိုင်ပါမယ်။ ဘရာဇီးအတွက် သူ ကစားနိုင်မယ် မထင်ပါဘူး။ သူဟာ နိုင်ငံတကာပွဲပြီးတော့မှ ကျွန်တော်တို့အတွက် ကစားနိုင်ပါမယ်” ဟု ပြောကြားသွားသည်။

ပီအက်စ်ဂျီသည် နိုင်ငံတကာပွဲစဉ်များမတိုင်မီ ပွဲ ၃ ပွဲ ကစားရမည် ဖြစ်သည်။ ၎င်းတို့သည် ယနေ့တွင် လီဂူး ၁ ပွဲစဉ်အဖြစ် နန့်တက်စ်နှင့် ကစားရမည် ဖြစ်ပြီး ကြားရက်တွင် လိုက်ဇစ်အား အဝေးကွင်းသို့ သွားရောက်ကာ ချန်ပီယံလိဂ်အုပ်စုပွဲ ကစားရမည် ဖြစ်သည်။ ယင်းပွဲအပြီး လာမည့် အပတ်စနေနေ့တွင် အကောင်းဆုံးပုံစံရရှိနေသည့် ရန်းနက်စ်နှင့် ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment