ပီအက်စ်ဂျီ နည်းပြရာထူးအတွက် တူချယ် မစိုးရိမ်

သောမတ်စ်တူချယ်က ချန်ပီယံလိဂ်တွင် ဒုတိယမြောက်ရှုံးပွဲအဖြစ် လိုက်ဇစ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ခြင်း မရှိကြောင်း ပြောကြားလိုက်သည်။ ဂျာမန်လူမျိုးနည်းပြသည် ပြီးခဲ့သည့်လတုန်းက ပဲရစ်၌ မန်ချက်စတာယူနိုက်တက်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးကတည်းက အနာဂတ် မရေမရာ ဖြစ်လာခဲ့သူလည်း ဖြစ်သည်။

လိုက်ဇစ်နှင့်ပွဲတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပင်နယ်တီ လွဲချော်ခဲ့ခြင်း၊ ဂူယီနှင့် ကမ်ပမ်ဘီတို့ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရမှုနှင့်အတူ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

တူချယ်က “ပြင်သစ်က သတင်းစာတွေက ကျွန်တော့်အနာဂတ် စိုးရိမ်စရာ ဖြစ်နေပြီလို့ အမြဲတမ်း မေးခွန်းထုတ်လာကြတာပါ။ ဒီကို စရောက်ကတည်းကပါ။ ဘာကြောင့် ဒီလို ရေးကြသလဲ မသိပါဘူး။ ဒါပေမယ့် ဒါတွေကြောင့် ကျွန်တော့်အလုပ်နဲ့ နည်းပြအဖွဲ့အလုပ်တွေက ပြောင်းလဲ မသွားပါဘူး။ ဒါက ပဲရစ်မှာ နည်းပြတစ်ယောက် ကြုံရတဲ့ ဘဝပါ။ လုံလောက်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော့်အတွက်လည်း ပြဿနာ မရှိပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ပီအက်စ်ဂျီသည် လိုက်ဇစ်ရှုံးပွဲကြောင့် ချန်ပီယံလိဂ်အုပ်စုအတွင်းတွင် ထိပ်ဆုံးမှ မန်ချက်စတာယူနိုက်တက်နှင့် ၃ မှတ်ကွာဟကာ တတိယနေရာတွင် ရပ်တည်နေသည်။

Facebook Comments Box
Facebook Comment