ပီအက်စ်ဂျီတိုက်စစ်ကို ဘိုင်ယန်မထိန်းနိုင်ဘူးလို့ ရွန်နီ သုံးသပ်

ချန်ပီယံရှစ်ကလပ် ဒါဘီတိုက်စစ်မှူး ဝိန်းရွန်နီက ယနေ့ညကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် နေမာ၊ အမ်ဘာပီ၊ ဒီမာရီယာတို့၏ ပီအက်စ်ဂျီတိုက်စစ်ကို ဘိုင်ယန်မြူးနစ်နောက်တန်း ထိန်း ချုပ်နိုင်မည်မဟုတ်ဘဲ ပြင်သစ်လီဂူးကလပ်သာ ချန်ပီယံဆုဖလားရယူနိုင်မည်ဟု သုံးသပ်ပြောကြားလိုက်သည်။

ဘိုင်ယန်သည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၅ ကြိမ်ဗိုလ်စွဲထားသော်လည်း ပီအက်စ်ဂျီအတွက်မူ အ သင်းသမိုင်းတစ်လျှောက် ဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခြင်းဖြစ်သည်။

နည်းပြဟန်ဆီ ဖလစ်လက်ထက် ခြေစွမ်းပြနေသော ဘိုင်ယန်သည် ကွာတားဖိုင်နယ်တွင် ဘာစီလိုနာကို ၈-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို ဆီမီးဖိုင်နယ်တွင်လည်း လိုင်ယွန်ကို ၃ ဂိုးပြတ်အနိုင် ရခဲ့သည်။

ပီအက်စ်ဂျီကလည်း ဆီမီးဖိုင်နယ်တွင် ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အား ၃ ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်မည့်လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည်။

၂၀၀၈ ခုနှစ်တွင် မန်ယူနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားရယူဖူးသော ရွန်နီက နှစ်သင်းစလုံး တိုက် စစ်ကောင်းသည့်အသင်းများဖြစ်ရာ ဖွင့်ကစားကြမည့် ပွဲတစ်ပွဲဖြစ်လာမည်ဟု ဆိုသည်။

“နှစ်သင်းစလုံးက တိုက်စစ်အရမ်းကောင်းတဲ့ အသင်းတွေဖြစ်ပြီး အားနည်းချက်တွေလည်း ကိုယ်စီရှိပါတယ်။ နေမာ၊ အမ်ဘာပီ၊ ဒီမာရီယာတို့ရှိနေတာကြောင့် ပီအက်စ်ဂျီက ဘိုင်ယန်ကို အကျိုးရှိရှိ အသုံး ချလိမ့်မယ်။ သူတို့ကြောင့်လည်း ပီအက်စ်ဂျီက အခွင့်အရေးတွေရလာလိမ့်မယ်။ ဆီမီးဖိုင်နယ်တုန်းက လိုင်ယွန်က ဒီလိုမလုပ်နိုင်ခဲ့ဘူးလေ” ဟု ရွန်နီက Sunday Times သတင်းစာတွင် ရေးသည်။

အမ်ဘာပီ၏ ပြေးအားကြောင့် လေးဖင့်နေသည့် ဘိုင်ယန်နောက်ခံလူများ အခက်တွေ့မည်ဖြစ်သလို ဒီမာရီယာကလည်း အခြားတောင်ပံမှတစ်ဆင့် ဘိုင်ယန်နောက်တန်းကို ဒုက္ခပေးလိမ့်မည်ဟု ရွန်နီက သူ၏အမြင်ကို ဖော်ပြသည်။

Ref: dailymail

Facebook Comments Box
Facebook Comment