
ပီလီတွေမလိုဘူး
N ကြယ်မင်း
၁။
အဲ့ဒီတုန်းက ၈ ပေစလောင်းတွေမှာ Euro Sports ဆိုတဲ့ Channel တစ်ခု ရှိခဲ့ဖူးတာပေါ့။
အဲ့ဒီမှာ အိုးထရက်ဖို့ဒ်ကွင်းထဲကို ချာတိတ်လေးတစ်ယောက်ဝင်လာပုံတွေ တစ်ချိန်လုံး ထုတ်လွှင့်နေတာ ကျွန်တော် စောင့်ကြည့်ခဲ့ဖူးပြီ။
လူပုံက ပါးလှပ်လှပ်၊ ခေါင်းမှာက ကြာဆံလို ဆေးဆိုးထားတဲ့ဆံပင်တွေ လွင့်ဖွာလို့၊ မျက်နှာမှာက ဝက်ခြံတွေ မြင်မကောင်းဘူးပေါ့လေ။
ဒင်းကလေးကို ကျွန်တော်မသိခဲ့ပါလား။ နာမည်ဖတ်ကြည့်တော့လည်း ရော်နယ်ဒိုတဲ့၊ ဘာလဲ..သူက၊ ကိုယ်တို့ဒိုကြီးကို မီမယ်ထင်လို့လား။
မန်ချက်စတာ ယူနိုက်တက်မှာ ကျောနံပါတ် ၇ ဝတ်မယ့် ပေါ်တူဂီတစ်ယောက်။
စပို့တင်းလစ္စဘွန်းက လာခဲ့တယ်။
အိုး..ဖာဂူဆန်လည်း လွဲတတ်တာပဲ။

ဒီငနဲနဲ့ ပထမဆုံး အထိအတွေ့မှာ ကျွန်တော်အဆင်သင့်မဖြစ်ပုံ၊ ယားယံခဲ့ပုံ။
၂။
လူငယ်လေးတစ်ယောက်မှာ ပထမဆုံး လိုအပ်တာက ငါဘာဖြစ်ချင်ခဲ့တယ်ဆိုတဲ့ သေချာမှုပဲ။
အဲ့ဒါမပါရင် လမ်းပဲလျှောက်လျှောက်၊ လေယာဉ်နဲ့ပဲကြွကြွ သူဟာ နောက်ကျမယ်။ သာမန်မှု မြစ်ပွားနာတွေရဲ့ ထိန်းချုပ်မှုကို ခံယူရမယ်။
ဒီလိုနဲ့ အောင်မြင်မှုနည်းနည်း၊ ငွေစကြေးစနည်းနည်း၊ ငါဟာ ထင်သလောက်လည်း မဟုတ်ပါလားလို့ သိရှိမှု နည်းနည်းနဲ့ ပြီးဆုံးရတော့တာပဲ။
လူငယ်လေးတစ်ယောက်ဟာ အဲ့ဒီလို အညတရ cycle တွေကို ဆိုးရွားစွာပျင်းရိတတ်ဖို့ လိုအပ်တာပဲ။
အင်တာဗျူးတွေမှာ ဖြေပြီဆို ပီလီဖြစ်ချင်တယ်ချည်းပဲ။
ပီလီဖြစ်ဖို့ ပီလီမှာ ဘာတွေပါလာသလဲ။
ပီလီဟာ ဘယ်လောက်အထိ ရုန်းကန်ခဲ့ရသလဲတော့ သိအောင် အားမထုတ်ခဲ့ကြဘူးပေါ့။
အဓိပ္ပာယ်က အဓိပ္ပာယ်ရှိဖို့ပဲ။ ကိုယ်ဘာဖြစ်ချင်ခဲ့တာလဲလည်း သိရမယ်။
ဖြစ်အောင် ဘယ်လောက်အထိ လုပ်ရမယ်ဆိုတာလည်း ခန့်မှန်းနိုင်ရမယ်ပေါ့။
ပြီးရင် အဲ့ဒီလမ်းနဲ့ အဲ့ဒီအိပ်မက်ကိုချည်ပြီး ဘဝတစ်လျှောက်လုံး မောင်းထည့်လိုက်ပေတော့..။

၃။
ပထမပိုင်းတော့ သိပ်အဆင်မပြေပါဘူး။ သူဟာ ထူးကဲတဲ့အစအနတွေ တောက်လျှောက်ပြတယ်။
လုပ်သလို မဖြစ်ရင် မိနစ်မခြား ပေါက်ကွဲနာကျင်နေတတ်တယ်။ ပြီးတော့ အဲ့ဒီလို ကလေးတွေထုံးစံအတိုင်း တစ်ကောင်းဆန်မှုလည်း ရှိမယ်ပေါ့။
နောက်တော့ ရွန်းနီကို အနီကတ်ထိစေခဲ့တာတွေ၊ သူ့ရဲ့အောင်မြင်သော ထောင်ချောက်ထဲ ကျွန်တော်တို့ရဲ့ ချစ်စွာသော ဒေါသကုမ္မာရလေး ဝင်ချသွားတော့ သူ့လူတွေဘက်လှည့်ပြီး မျက်စိမှိတ်ပြခဲ့တာတွေ။ အဆင်မပြေပါဘူး။
ဒါပေမဲ့ အိုးထရက်ဖို့ဒ်ထဲ သူတို့ပြန်ရောက်လာကြချိန်မှာ တစ်ယောက်ကိုတစ်ယောက် ပိုနွေးခဲ့တယ်။ စေးကပ်ခဲ့တယ်။
ယူနိုက်တက်အတွက် ဘာမဆိုလုပ်ချင်ခဲ့သူ ရွန်းနီဟာ ရော်နယ်ဒိုကို မှန်အောင်ဖတ်နိုင်ခဲ့တယ်။ သူဟာ ကွယ်ဝှက်ထားလို့မရတော့တဲ့ သရဲနီတစ်ကောင်ပဲ။
ယူနိုက်တက်ခေတ်ကြီးကို ခြယ်ရေးဖို့ ရော်နယ်ဒိုစာမျက်နှာတွေထဲ ရွန်းနီဝင်ခဲ့တယ်။
ရီယိုဖာဒီနန်ကြီးလည်း ဝင်ခဲ့တာပဲ။ ယူနိုက်တက်ပရိသတ်တွေဟာ ဖာဂီရဲ့နှစ်လိုဖွယ် အပြုံးတွေကတစ်ဆင့် အလု အယက် ခုန်ချလာခဲ့ကြတယ်။
ဘက်ခမ်းကို မမေ့နိုင်ပါဘူး။ မေ့ရောမေ့စရာလား။
ဒါပေမဲ့ ဘက်ခမ်းထက် မြင့်မားတဲ့အဆင့်အတန်းတစ်ခုဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း ရိပ်မိခဲ့ကြပေါ့။
ဟ..သူက ဘယ်အထိပျံမှာလဲ။
၄။

ရီးယဲလ်ကို ပျံခဲ့တယ်။ ဖာဂီ မတားနိုင်ခဲ့ပါဘူး။
သူ့ကို ဘယ်သူမှ တားနိုင်တော့မဟုတ်ဘူးဆိုတာ ခင်ဗျားကိုယ်တိုင်လည်း ချစ်ကျွမ်းဝင်ရတယ်။
သူက ဒိတ်ဒိတ်ကြဲနေရောင်ကို လှုံတယ်။ လေ့ကျင့်ရေးကွင်းအစိမ်းသုတ်တွေ ကိုယ်တိုင်လုပ်စားတယ်။
အာဂဖရီးကစ်တွေ ထုတ်လုပ်ဖြန့်ချိခဲ့တယ်။ ဒီမှာ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကဲခတ်တွေ ခေါင်းချင်းဆိုင်ကြတော့တာပဲ။
သူဟာ ငါတို့ရဲ့ပါရမီရှင်မက်ဆီနဲ့ဆို ဘယ့်နှယ်လဲ။ နူးကမ့်ပွဲကြည့်စင်နဲ့တကွ ဘာစီလိုနာရပ်ဝန်းတစ်ခုလုံးက လှောင်ရယ်သံတွေ ထွက်ကျလာတယ်။
ငါတို့ရဲ့အနှိုင်းမဲ့ရဲ့အရိပ်ကိုပဲ ထိအောင်နင်းကြည့်စမ်းပေါ့။

အမှန်ပါပဲ၊ မှော်ဆရာရဲ့လိပ်ပြာကို သူဘယ်လိုများ ဖမ်းမိနိုင်ပါ့မလဲ။
မဖြစ်နိုင်တဲ့နောက် ပေပြီးမလိုက်နဲ့၊ ကိုယ်ဖြစ်နိုင်တာကို ပိုပြီးလုပ်၊ သေအောင်လုပ်၊ ကိုယ့်ဆာလောင်မှုကို ဘယ်တော့မှ မီးမပြတ်စေနဲ့။
ရော်နယ်ဒိုဟာ အဲ့ဒီလို လိုက်ခဲ့၊ အဲ့ဒီလို မီခဲ့။ အဲ့ဒီလို ကျော်ဖြတ်ဦးမှာလား။
ယူနိုက်တက်လိုပါပဲ၊ သူထပျံသွားတော့ ရီးယဲလ်ဟာ ခါထွက်ပြီး ကျန်နေခဲ့ရပြန်တယ်။
၅။
နောက်ထပ် နယ်သစ်ပယ်သစ်ကို သူရွေးခဲ့တယ်။

သူရိုက်ချလိုက်ပြန်တဲ့ ဂျူဗီဒရမ်ဟာ ကျွန်တော်တို့နားစည်တွေ ကွဲရှရပြန်ပါရောလား။
မက်ဆီက သစ္စာတော်ခံပုစ္ဆာတွေ အဖြေရှာမရချိန်မှာ သူက ဂျူဗီကို သိမ်းနေပြီ။ စီးရီးအေကို သိမ်းနေပြီ။
အခု ပီလီရဲ့၇၅၇ ဂိုးကို သူက ကျော်ဖြတ်လိုက်ပြီ။
သူဟာ ၇၅၈ ပေါ့။
နောက်အနှစ်နှစ်ဆယ်လောက်မှာ လူလားမြောက်လာမယ့် ကလေးတွေဆိုရင် သူ့ရုပ်တုတွေရှေ့မှာ တန်းစီနေကြတော့မယ်။
ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ မရပ်လိုက်နဲ့ဆိုတဲ့ စကားလုံးတွေကို ဒိုင်ကြောင်အခန်းထဲက ဆွဲထုတ်ပေးခဲ့သူကြီး၊ အိပ်မက်ရုပ်ရှင်တွေကို ရိုက်ကူးပုံဖော်ရာမှာ အော်စကာအကြိမ်ကြိမ်ရခဲ့သူကြီး အဖြစ်နဲ့…