ပီယာလိုက ဂျူဗီအတွက် မှန်ကန်သင့်တော်သူဟု မာချီစီယို ထောက်ခံ

အီတလီ ကွင်းလယ်လူဟောင်း မာချီစီယိုက ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲတွင် နိုင်ပွဲ ၁ ပွဲသာ ရထားသော်လည်း နည်းပြ ပီယာလိုသည် ဂျူဗင်တပ်စ်အတွက် အသင့်တော်ဆုံး လူတစ်ယောက်ဖြစ်ကြောင်း ထောက်ခံပြောကြားသည်။

စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်သည် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲတွင် ဒိုင်နမိုကိဗ်ကိုသာ အနိုင်ရခဲ့ပြီး ခရိုတိုနီနှင့် ဗီရိုနာကို သရေ၊ ဘာစီလိုနာကို အိမ်ကွင်း ၂ ဂိုးပြတ် ရှုံးနိမ့်ထားသည်။

ဂျူဗင်တပ်စ်သည် စီးရီးအေ ပွဲစဉ် ၅ အပြီး ရှုံးပွဲမရှိသေးသော်လည်း သရေပွဲ ၃ ပွဲအထိ ရှိသောကြောင့် ရမှတ် ၉ မှတ်သာ ရယူထားနိုင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ အေစီမီလန်နှင့် ၄ မှတ်အကွာ အဆင့် ၅ နေရာတွင်သာ ရပ်တည်လျက်ရှိသည်။

ဂျူဗင်တပ်စ်တွင် ၁၂ နှစ်ကြာ ကစားပြီး ၂၀၁၉ တွင် ဇင်းနစ်နှင့်အတူ ကစားသမားဘဝ အဆုံးသတ်ခဲ့သော အသက် ၃၄ နှစ်အရွယ် မာချီစီယိုက ပီယာလိုသည် COVID-19 ကြောင့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်များအား အကောင်းဆုံး မလုပ်နိုင်ခဲ့သ လို ထိုအခက်အခဲကို ဘာစီလိုနာနှင့်ပွဲတွင် အထင်းသား မြင်တွေ့ခဲ့ရကြောင်း ဆိုသည်။

ဂျူဗင်တပ်စ်တွင် ပီယာလိုနှင့် ၄ ရာသီကြာ ကစားခဲ့သော ကွင်းလယ် ကစားသမားဟောင်း မာချီစီယိုက “ဂျူဗင်တပ်စ်ရဲ့ကမ္ဘာကို သိတဲ့ ဘယ်သူမဆို ပီယာလိုက မှန်ကန်တဲ့ လူတစ်ယောက်ဆိုတာ ခင်ဗျားကို ပြောမှာပဲ။ သူ့ကို စိတ်ရှည်ဖို့ လိုပါတယ်။ သူက အခုမှ အစပဲ ရှိပါသေးတယ်။

ပီယာလိုဟာ COVID-19 ကြောင့် ရာသီကြို လေ့ကျင့်မှုတွေကို ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ နာမည်ကြီး ကစားသမားတွေ ပြန်လာနိုင်တဲ့အချိန် ဂျူဗီ အစုအဖွဲ့က တိုး တက်လာပါလိမ့်မယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက လက်ရှိတွင် ရုန်းကန်နေရသော တိုက်စစ်မှူး ဒီဘာလာအနေဖြင့် ခရစ္စတီယာနို ရော်နယ်ဒို၊ မိုရာတာတို့နှင့် အကောင်းဆုံး တွဲကစားနိုင်မည်ဟုလည်း ပြောသည်။

Ref:football-italia

Facebook Comments Box
Facebook Comment