ပိုလန်နည်းပြဖြစ်လာတဲ့ ဆန်းတို့စ်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်းအဆင့်နှင့် ကျေနပ်ခဲ့ရသော ပိုလန်အသင်းသည် ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။

ကာတာပြိုင်ပွဲအတွက် ရရှိမည့် ဆုကြေးနှင့်ပတ်သက်၍ အသင်းသားများ၊ ဝန် ထမ်းများနှင့် သဘောထားကွဲလွဲပြီးနောက် ပိုလန်အသင်းတာဝန်ရှိသူများက နည်းပြ မစ်ချ်နီဝစ်ကို သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ၆၈ နှစ်အရွယ် ဆန်းတို့စ်နှင့် ဆွေးနွေးပြီးနောက် ယနေ့တွင် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

ပေါ်တို၊ စပို့တင်းလစ္စဘွန်း၊ ဘင်ဖီကာအပါအဝင် ထိပ်သီးကလပ်များကိုသာမက ဂရိအသင်းကိုလည်း ကိုင်တွယ်ဖူးသည့် ဆန်းတို့စ်သည် ပေါ်တူဂီအသင်းနှင့်အတူ ယူရို ၂၀၁၆၊ ၂၀၁၈-၂၀၁၉ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ဖလားများ ရယူခဲ့သည်။

သို့သော် ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် မော်ရိုကိုအား ရှုံးနိမ့်ပြီးနောက် တာဝန်မှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

ပိုလန်အားကစားနှင့် ခရီးသွားလာရေးဝန်ကြီး ဘော့နီဇက်က ဆန်းတို့စ်ကို လက်ရွေးစင်နည်းပြ ခန့်အပ်ခဲ့ခြင်းအတွက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဇာရီကူလက်ဇာကို ချီးကျူးခဲ့သည်။

ဆန်းတို့စ်၏ စာချုပ်သက်တမ်းကို ပိုလန်ဘောလုံးအဖွဲ့ချုပ်ဘက်မှ တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

Ref:japantimes

Facebook Comments Box
Facebook Comment