ပိုင်ရှင်သစ်နှင့် ခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်လာပြီဖြစ်သည့် ရိုးမား

ဒန်ဖရိုင်းကင်သည် ရိုးမားကို ဝယ်ယူရေး အပြီးသတ် လုပ်ဆောင်လိုက်နိုင်ပြီဖြစ်သည်။ အမေရိကန်အခြေစိုက် The Friedkin Group သည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက ရိုးမားအသင်းကို ပိုင်ရှင်ဂျိမ်းစ်ပယ်လော့တာထံမှ ရိုးမား၏ကြွေးမြီများအပါအဝင် ယူရို ၅၉၁ သန်းဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ယခုအခါ ရိုးမားအား အပြီးသတ်လွဲပြောင်းရယူလိုက်ပြီဖြစ်သည်။

ဒန်ဖရိုင်းကင်နှင့် ပယ်လော့တာတို့သည် ရိုးမားအရောင်းအဝယ်အတွက် လွန်ခဲ့သည့် ဆယ်လကတည်းက ဆွေးနွေးလာခဲ့ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown လုပ်ရမှုနှင့်အတူ ဆွေးနွေးမှု ကြန့်ကြာနေခဲ့တာလည်းဖြစ်သည်။ ယခုအခါ ၂၀၁၁ ခုနှစ်ကတည်းက ရိုးမားကို ပိုင်ဆိုင်လာခဲ့သည့် ပယ်လော့တာ၏ရှစ်နှစ်တာရိုးမားခရီးစဉ်မှာ အဆုံးသတ်ကာ ပိုင်ရှင်သစ်နှင့် ခေတ်သစ်တစ်ခုသို့ စတင်လှမ်းလာတော့မည်ဖြစ်သည်။ The Friedkin Group ၏စီအီးအိုနှင့်ဥက္ကဌဒန်ဖရိုင်းကင်က “AS Roma မိသားစုဝင် ဖြစ်လာလို့ အရမ်းဝမ်းသာပါတယ်။ မကြာသေးမီတုန်းက ပရိသတ်တစ်ဦးက ကျွန်တော်တို့က ရယူပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးကလပ်တွေထဲကတစ်ခုဖြစ်အောင် လုပ်ပါ ဆိုပြီး ရေးသားခဲ့တယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီလိုဘဲ လုပ်သွားဖို့ ရည်မှန်းထားပါတယ်။ ရိုးမားအတွက် ကျွန်တော်တို့ အစွမ်းကုန် လုပ်သွားပါမယ်။ ကျွန်တော်တို့က ရောမမြို့ကို ကိုယ်စားပြုတဲ့သူဖြစ်လာရပါမယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ကျွန်တော်တို့ဘက်က အရည်အချင်းပြည့်တဲ့ စီမံခန့်ခွဲရေးအဖွဲ့နဲ့ ဦးဆောင်မှု ယူဆောင်လာပါမယ်။ ကျွန်တော်တို့အနေနဲ့ ရိုးမားကို ကာလတိုစီမံကိန်းနဲ့သွားမှာ မဟုတ်ဘဲ ရေရှည်စီးပွားမြှပ်နှံ့မှုအနေနဲ့ ချဉ်းကပ်သွားပါမယ်”ဟုပြောကြားသွားသည်။

ရိုးမားအသင်းစီအီးအိုအဖြစ် ဖင်ဂါက ဆက်လက်တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပြီး အားကစားဒါရိုက်တာသစ်မခန့်အပ်မီအချိန်အထိအပြောင်းအရွှေ့ကိစ္စရပ်များအား လုပ်ဆောင်ပေးသွားမှာလည်းဖြစ်သည်။ ရိုးမားသည် အမေရိကန်ဘီလျှံနာဒန်ဖရက်ကင်မိသားစု၏ရင်းနှီးမြှပ်နှံမှု ရရှိလာမှုနှင့်အတူ ယခုနွေရာသီတွင် ကစားသမားခေါ်ယူအားဖြည့်ရေး အားစိုက် လုပ်ဆောင်သွားဖို့ ရှိနေသည်။ ရိုးမားသည် ပြီးခဲ့သည့်နွေရာသီတုန်းက အငှားဖြင့် လာရောက်ကစားခဲ့သည့် မန်ယူနောက်ခံလူ စမောလင်းအား အပြီးသတ် ခေါ်ယူနို်ငရေး ကြိုးပမ်းနေပြီး ပိုင်ရှင်သစ်ထံသို့ ကလပ်အား လွဲပြောင်းပေးလာနိုင်မှုနှင့်အတူ အပြောင်းအရွှေ့ကိစ္စအား အမြန်ဆုံး အပြီးသတ်နိုင်ဖွယ်ရှိနေသည်။

Ref: ASRoma

Facebook Comments Box
Facebook Comment