ပိုကောင်းသည့် ပုံစံဖြင့် ဒဏ်ရာမှ ပြန်လာမည်ဟု ဗန်ဒိုက် ကြုံးဝါး

စနေနေ့က မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီးနောက် ဗာဂယ်ဗန်ဒိုက်သည် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြောကြားမှု ပြုလုပ်လာသည်။ လီဗာပူးဗဟိုနောက်ခံလူက ယခင်ကထက် ပိုကောင်းသည့် ကြံ့ခိုင်မှုပုံစံ၊ ပိုကောင်းသည့် ခြေစွမ်း၊ ပိုသန်မာသည့် အခြေအနေမျိုးဖြင့် ပြန်လာမည် ဖြစ်ကြောင်း ကြုံးဝါး ပြောကြားလိုက်သည်။

ဗန်ဒိုက်သည် အဲဗာတန်နှင့်နှစ်ဂိုးစီသရေကျသည့်ပွဲတွင် အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်၏ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ နယ်သာလန်အသင်းခေါင်းဆောင်၏ ဒူးအခြေအနေကို စစ်ဆေးခဲ့ရာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိရပြီး ခွဲစိတ်ကုသမှုခံယူရမည် ဖြစ်သည်။ ထို့ကြောင့် ဗန်ဒိုက်သည် လအတန်ကြာ အနားယူရရန် သေချာနေပြီ ဖြစ်သည်။

ဗန်ဒိုက်က “ကျွန်တော့်ရဲ့ပြန်လည်ကြံ့ခိုင်ရေးအစီအစဉ်အတွက် အကြံပေးအကြီးအကဲနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။ ပြန်လည်ကောင်းမွန်လာရေးအတွက် အပြည့်အဝ အာရုံစိုက်နေပါတယ်။ အမြန်ဆုံးပြန်လည်ကောင်းမွန်လာရေးအတွက် အစွမ်းကုန် လုပ်သွားပါမယ်။ စိတ်ပျက်ရတယ်ဆိုပေမယ့်လည်း ဘုရားသခင်ရဲ့အကူအညီနဲ့ ကျွန်တော့်ကို ယခင်ကထက် ပိုပြီးတော့ ကောင်းမွန်၊ ကြံ့ခိုင်၊ သန်မာတဲ့ပုံစံမျိုးနဲ့ ဖြစ်လာအောင် လုပ်သွားပါမယ်။ ဘောလုံးမှာရော ဘဝမှာပါ အကြောင်းပြချက်တစ်ခုခုကြောင့်စီ ဖြစ်ပျက်ပါတယ်။ အရေးအကြီးဆုံးက နိမ့်ရင်ဘဲဖြစ်ဖြစ်၊ မြင့်တယ်ဘဲ ဖြစ်ဖြစ် အကောင်းဆုံးနဲ့အမြင့်ဆုံးဖြစ်အောင် ကြိုးစားရပါမယ်။ ကျွန်တော့်ဇနီး၊ ကလေးတွေ၊ မိသားစု၊ လီဗာပူးက လူတိုင်းရဲ့ အားပေးမှုနဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ”ဟု ပြောကြားသွားသည်။

မီဒီယာများ၏ ဖော်ပြချက်အရ ဗန်ဒိုက်သည် ဒူးအရွတ်ဒဏ်ရာကြောင့် ၇ လမှ ၈ အထိ အနားယူရနိုင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပါဘူး။

လီဗာပူးသည် ဗုဒ္ဓဟူးနေ့တွင် အေဂျက်စ်နှင့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ ရင်ဆိုင် ကစားရမှာ ဖြစ်သည်။ နည်းပြကလော့ပ်သည် ဗန်ဒိုက် မပါဝင်မှုနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့တွင် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment