
ပါရီမှာ မုန်တိုင်းထန်ပြီလား
ဒီရက်ပိုင်းတွေကတော့
ပီအက်စ်ဂျီက ဆရာကြီးပဲ။
ဟုတ်တယ်လေ။
မက်ဆီ ထွက်ခွာသွားတာ
ဘာကြာသေးလဲ။
နေမာကလည်း ရော်နယ်ဒို၊
ဘန်ဇီးမားတို့လမ်းစဉ်အတိုင်း
ဆော်ဒီသွားဖို့ စဉ်းစားနေတယ်တဲ့။
ဒါက ဘောလုံးသမားတိုင်း
လိုချင်ကြတဲ့ မဟာငွေပုံကြီးပဲ။
ဥရောပမှာ ထိုက်သင့်တဲ့
အောင်မြင်မှုတွေ ရယူပြီးနောက်
မြိုးမြိုးမြက်မြက်ရနိုင်မယ့်
နေရာကို ရွေးချယ်တာ
ဘာဆန်းလဲ။ ကစားသမားဘဝ
နေဝင်ချိန်ကို အေးဆေးသက်သာ
ကစားပြီး ငွေကို လေလိုသုံးနိုင်မယ့်
အခွင့်အရေးကောင်းကြီး။
ပြောချင်တာက ပီအက်စ်ဂျီမှာ
မုန်တိုင်းထန်စ ပြုနေပြီဆိုတာကိုပါ။
ကစားသမားကောင်းတွေ
တယောက်ပြီးတယောက်
ထွက်ခွာဖို့ရှိနေချိန်မှာ နောက်ထပ်
ပေါက်ကွဲအားကြီးမားတဲ့
မိုင်းဗုံးကြီးတလုံး ထပ်ပေါက်ပြန်ပြီ။
မက်ဆီ၊ နေမာတို့နဲ့ အတွဲညီတဲ့
အမ်ဘာပေကပါ စာချုပ်ပြည့်ရင်
ထွက်တော့မယ်လို့ အသိပေးခဲ့တာပါ။
တကယ်တော့ အမ်ဘာပေဟာ
ရီးရဲလ်က လိုချင်နေတာကို
သိသိကြီးနဲ့ ပါရီကလပ်နဲ့
သက်တမ်းတိုးခဲ့တာ။ ၂၀၂၁
ဇူလိုင်မှာ အယ်ခါလီဖာရဲ့ရှေ့မှောက်
၂၀၂၄ အထိ သက်တမ်းတိုးခဲ့တယ်။
စာချုပ်ပြည့်ရင် နောက်တနှစ်
ထပ်တိုးခွင့်လည်း ရှိတယ်။
ဒါပေမဲ့ အခုတော့ သူက
သက်တမ်းမတိုးတော့ဘူးလို့
တရားဝင် ဖွင့်ဟလိုက်တာပါ။
အဖြေက ရှင်းသွားပြီ။
၂၀၂၃-၂၀၂၄ ရာသီအပြီးထိပဲ
ကစားမယ်။ ပြီးရင် ဘိုင့်ဘိုင်
လုပ်မယ်။ ဆိုတော့ ပါရီကလပ်လည်း
ပြာယာခတ်သွားတာပေါ့။
စိတ်ပြန်ယိုင်လာအောင် ကြိုးစားမယ့်
အလားအလာတွေလည်း
တွေ့နေရတယ်။
ဒါပေမဲ့ အမ်ဘာပေကတော့
ပြန်ပြင်ဖို့ ဘယ်လိုမှ မရှိတော့ဘူး။
နောက်ဆုံးထွက်လာတဲ့
သတင်းတွေအရ ပြင်သစ်သားက
ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကို
တောင်းပန်ထားတဲ့အကြောင်း
သိရပါတယ်။ ဆိုလိုချင်တာက
၂၀၂၁ တုန်းက မလာဖြစ်ပေမယ့်
၂၀၂၄ မှာတော့ မက်ဒရစ်ကို
လာပါ့မယ်လို့ ကတိပေးလိုက်တဲ့
သဘောလို့လည်း ယူဆလို့ရတယ်။
ဒါကို ကာတာစော်ဘွားတွေဘက်က
ပေါက်ကွဲနေတယ်။ ဒီကောင်
ဒီလောက်အထိ ပြောစရာလိုလားပေါ့။
အမ်ဘာပေကတော့ ရီးရဲလ်ကပ္ပတိန်
တာဝန်ကို ရယူချင်နေတဲ့ပုံပဲ။
ဘန်ဇီးမား မရှိတော့တဲ့နောက်
ဥရောပဘီလူးကြီးက
၂၄ နှစ်အရွယ် ပြင်သစ်သားကို
သူ့ရဲ့ဆက်ခံသူအဖြစ်
အရခေါ်ယူဖို့ ရှိနေတယ်။
ဒါကို အမ်ဘာပေဘက်က
လက်ခံမယ်။ ဒါပေမဲ့
အသင်းကို ဦးဆောင်ခွင့်
ပေးရမယ်လို့ တောင်းဆိုဖွယ်
ရှိနေတယ်။ ချဲလ်ဆီးကလည်း
အမ်ဘာပေကို ရီးရဲလ်နဲ့
အပြိုင်ခေါ်ယူမယ်ဆိုတဲ့
သတင်းတွေလည်း ထွက်နေတယ်။
ဇွန်၊ ဇူလိုင်မှာရွာတဲ့
မိုးစက်တွေနဲ့အတူ
အမ်ဘာပေအတွက်
ပီအက်စ်ဂျီ ဘာလုပ်မလဲဆိုတာ
စိတ်ဝင်စားစရာပါပဲ။
အလကား ထွက်ခွင့်
ပေးလိုက်တာထက်စာရင်
ထိုက်သင့်တဲ့ ငွေကြေးတရပ်နဲ့
ရောင်းချမလားဆိုတာကိုပေါ့။