ပါရီဆစ် အင်တာမီလန်သို့ ပြန်သွားပြီဟု ဘိုင်ယန်မြူးနစ် အတည်ပြု

ယမန်နှစ်ရာသီက မိမိတို့အသင်းတွင် တစ်ရာသီ အဌားလာကစားခဲ့သော ခရိုအေးရှား တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်သည် မိခင်ကလပ် အင်တာမီလန်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဟု မြူးနစ်အခြေစိုက်ကလပ်က အတည်ပြုကြေညာသည်။

အသက် ၃၁ နှစ်အရွယ် ပါရီဆစ်သည် ၂၀၁၉ သြဂုတ်တွင် အင်တာမီလန်မှ တစ်ရာသီအဌားစာချုပ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ပြိုင်ပွဲစုံ ၃၅ ပွဲကစား ၈ ဂိုးသွင်းကာ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ဖလားများ ရယူနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ပါရီဆစ်ကို ၎င်းတို့၏ စတုတ္ထမြောက် တောင်ပံက စားသမားအဖြစ် အမြဲတမ်းစာချုပ်ဖြင့် ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ၎င်း၏ ပြောင်းရွှေ့ကြေးအတွက် အင်တာမီလန်နှင့် သဘောတူညီမှု ရယူနိုင်ခြင်း မရှိပေ။

ထို့အတူ ကစားသမား၏ မြင့်မားသည့် လစာငွေကလည်း ဘိုင်ယန်မြူးနစ်အတွက် အဓိကအတားအဆီး ဖြစ်ခဲ့ရသည်ဟုလည်း ဂျာမန်မီဒီယာများ ဖော်ပြသည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်က “ဖလား ၃ လုံးရရှိအောင် သူ့ရဲ့စွမ်းဆောင်ရည်တွေနဲ့ ပါဝင်ကူညီ ပေးခဲ့တဲ့အတွက် အိုင်ဗန်ကို ကျွန်တော် ကျေးဇူးအရမ်းတင်ပါတယ်။ သူနဲ့ အလုပ်လုပ်ရတာ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ခင်ဗျားလည်း အိုင်ဗန်ရဲ့အရည်အချင်းတွေကို မြင်နိုင်မှာပါ။ အထူးသဖြင့် လစ္စဘွန်း မှာကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာပေါ့” ဟု ပြောသည်။

အားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်ကလည်း ဖလား ၃ လုံးရယူနိုင်ရေးတွင် အရေးပါသည့်နေရာမှ ပရော်ဖက်ရှင်နယ်ပီသစွာ ပါဝင်ခဲ့သည့်အတွက် ပါရီဆစ်ကို ကျေးဇူးအထူးတင်မိပြီး အနာဂတ်တွင် အကောင်းဆုံးအရာများ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

Ref:SBNation

Facebook Comments Box
Facebook Comment