ပါတေးအား ခေါ်ယူခွင့်မရမည်ကို စိုးရိမ်ခဲ့ရသေးဟု အာတီတာ ဝန်ခံ

အာဆင်နယ်နည်းပြ မီခေးအာတီတာက နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အသင်းသို့ ရောက်ရှိလာသော အက်သလက်တီကို ကွင်းလယ်လူ သောမတ်စ်ပါတေးအား ခေါ်ယူခွင့်မရမည်ကို စိုးရိမ်ခဲ့ရသေးကြောင်း ပြောသည်။

အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်သည် ဂါနာလက်ရွေးစင် ပါတေးအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအချိန်ကျမှသာ တရားဝင် ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်အရွယ် ပါတေးသည် အာတီတာအကြိုက် ကစားသမားတစ်ဦးဖြစ်ပြီး နွေဈေးကွက်အတွင်း ဦးစားပေးခေါ်ယူရန် ပြင်ဆင်ထားသူလည်း ဖြစ်သည်။

အာတီတာက “စိုးရိမ်မိတာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးမိနစ်တွေဆိုတာ အမြဲတမ်း အန္တရာယ်များတတ်လို့ပါပဲ။

ဈေးကွက်မပိတ်မီ ၂၄ နာရီအလိုမှာ လုပ်ဆောင်ရတဲ့ စာရွက်စာတမ်းတွေက စိန်ခေါ်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ဒါကို(ပါတေးကို ခေါ်ယူနိုင်ခြင်း) အပြီးသတ် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ပါတေးသည် အသင်းနှင့်အတူ လေ့ကျင့်ခန်း နှစ်ကြိမ်သာ ဆင်းရသေးသော်လည်း အရည်အသွေးကောင်း ပြသနိုင်သောကြောင့် လာမည့်စနေည မန်စီးတီးနှင့် ကစားရမည့်ပွဲတွင် ပါဝင်ကစားရန် အဆင်သင့် ဖြစ်နေပြီဟုလည်း ဆိုသည်။

“သူက မနေ့ကမှ အသင်းကိုရောက်တယ်။ အသင်းနဲ့ဆိုင်တဲ့ အရာအားလုံးနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်နိုင်တယ်။

နောက်ပြီးတော့ ဒီနေ့မှ လေ့ကျင့်ခန်း စဆင်းတယ်။ သူ့အတွက် အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ပြီးဆုံးခဲ့တယ်” ဟု အာတီတာက ပြေသည်။

Ref:express

Facebook Comments Box
Facebook Comment