ပလာတီနီ၏စံချိန်ကို လိုက်မီရန် တစ်ဂိုးသာ လိုတော့သည့် ဂီရောက်

အိုလီဗီယာဂီရောက်သည် အင်္ဂါနေ့တုန်းက ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တစ်ကျော့ပြန် ပြန်ဆုံတွေ့မှုအနေဖြင့် ပြင်သစ်နှင့်ခရိုးအေးရှားပွဲစဉ်တွင် ပြင်သစ်အ တွက် ဂိုး ၄၀ မြောက်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ပြင်သစ်သည် အင်္ဂါနေ့တုန်းက ခရိုအေးရှားနှင့် UEFA Nations League ပွဲတွင် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အသက် ၃၃ နှစ်ရှိ ချဲလ်ဆီးတိုက်စစ်မှူးသည် ခရိုအေးရှားနှင့်ပွဲတွင် ၉၉ ပွဲမြောက်ပွဲကို ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပင်နယ်တီမှ တစ်ဆင့် ပြင်သစ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ဂန္ထဝင်ကစားသမား ပလာတီနီ၏စံချိန်ကို လိုက်မီရန် တစ်ဂိုးသာ လိုတော့ပြီ ဖြစ်သည်။

ယင်းပွဲစဉ်တွင် လီဗာပူးနောက်ခံလူဟောင်းလော့ဗ်ရန်က ခရိုအေးရှားအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့သော်လည်း ဘာစီလိုနာတိုက်စစ်သမားဂရက်ဇ်မန်းက ပြန်လည်ချေပခဲ့သည်။ ဂရက်ဇ်မန်းသည် ပြင်သစ်အတွက် ၃၁ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်သမိုင်းတွင် ပဥ္စမဂိုးအများဆုံးသွင်းယူထားနိုင်သူ ဖြစ်လာခဲ့သည်။ ဂရက်ဇ်မန်းက ဂိုးသွင်းယူပြီးနောက် ပထမပြီးခါနီးတွင် လီဗာကိုဗစ်၏ ကိုယ့်ဂိုးကိုယ်သွင်းမိသည့်ဂိုးကြောင့် ပထမပိုင်းတွင် ပြင်သစ်တို့ ၂-၁ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယပိုင်း ၅၅ မိနစ်တွင် ဘရီကာလိုက ခရိုအေးရှားအ တွက်ချေပဂိုးသွင်းခဲ့သော်လည်း အူပါမီကာနိုနှင့် ဂီရောက်တို့က ပြင်သစ်အတွက် အနိုင်ဂိုးများ သွင်းယူခဲ့ကာ ၄-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

ပြင်သစ်သည် ခရိုအေးရှားနိုင်ပွဲကြောင့် UEFA Nations League အုပ်စု(ဃ)တွင် ပေါ်တူဂီနှင့်ရမှတ်တူ ထိပ်ဆုံးမှ ဦးဆောင်နေသည်။

ခရိုအေးရှားကို အနိုင်ရရှိသည့်ပွဲတွင် ပွဲချိန် ၆၃ မိနစ်တွင် အန်ဂိုလိုကန်တီအစား လူစားဝင်ရောက်ကစားခဲ့သည့် ရန်းနက်စ်လူငယ်ကွင်းလယ်ခံစစ်ကစားသမားအက် ဒူယာဒိုကာမာဗင်ဂါသည် အသက် ၁၇ နှစ်နှင့် ၃၀၃ ရက်ဖြင့် ၁၉၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက မောရစ်ဂါစတီဂါ ပြင်သစ်အတွက် ကစားခွင့်ရပြီးနောက် အသက်အငယ်ဆုံးပွဲကစားခွင့်ရသူဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် ပြင်သစ်အတွက် ဂိုးအများဆုံး သွင်းယူသူအဖြစ် သီယာရီ ဟင်နရီက ၅၁ ဂိုးဖြင့် ရပ်တည်နေပြီး ဒုတိယနေရာတွင် ပလာတီနီက ၄၁ ဂိုးဖြင့် ရပ်တည်နေကာ ဂီရောက်မှာ ဂိုး ၄၀ ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ စတုတ္ထနေရာတွင် ထရေဇီဂေးက ၃၄ ဂိုးနှင့် ရပ်တည်နေသည်။ ၃၁ ဂိုး သွင်းထားနိုင်သည့် ဂရက်ဇ်မန်းမှာ  မကြာမီကာလအတွင်းတွင် ထရေဇီဂေး၏ စံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေသည်။

Facebook Comments Box
Facebook Comment