ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် ဂိုးသွင်းနိုင်၍ ယိုတာ ပျော်ရွှင်

လီဗာပူးလ်တိုက်စစ်မှူး ဒီယိုဂိုယိုတာက ၎င်း၏ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာပင် အသင်းသစ်အတွက် ဂိုးသွင်းပေးနိုင်ခြင်းကြောင့် ပျော်ရွှင်လျက်ရှိပြီး မာဆေးဆိုက်အခြေစိုက် ကလပ်နှင့်အတူ အောင်မြင်မှုများ ရယူလိုသည်ဟုလည်း ပြောသည်။

အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ယိုတာသည် စက်တင်ဘာ ၁၉ ရက်တွင် ဝုဗ်မှ ပေါင် ၄၁ သန်းဖြင့် ရောက်ရှိလာပြီးနောက် အန်ဖီးလ်တွင် အာဆင်နယ်အား ၃-၁ ဂိုဖြင့် အနိုင်ရသောပွဲတွင် မာနေးအစား လူစားဝင်ကစားခွင့် ရခဲ့သည်။

၎င်းသည် ပွဲပြီးရန် ၁၀ မိနစ်အလိုတွင်မှ ပါဝင်ကစားခွင့်ရသော်လည်း ဝင်လာပြီး ၈ မိနစ်အကြာမှာပင် ဒေးဗစ်လူးဝစ်ဇ် ခေါင်းတိုက်ဖျက်ထုတ်သော ဘောလုံးကို တစ်ချက်ထိန်းကာ ဂိုးဧရိယာထိပ်မှ မြေမကျကန်ကာ ပွဲသိမ်းဂိုး သွင်းယူပေးခဲ့သည်။

မာနေးအစား လူစားဝင်ကစားခွင့်ရချိန်တွင် နည်းပြ ယာဂန်ကလော့ပ်က အာဆင်နယ်ဘက်သို့ ဖိအားပြင်းပြင်းပေးရန် ညွှန်ကြားခဲ့ကြောင်းလည်း ယိုတာက ဖွင့်ဟသည်။

“ဒါက(ဂိုးသွင်းနိုင်ခြင်း) အများကြီး ဆိုလိုရာရောက်ပါတယ်။ ကမ္ဘာ့ချန်ပီယံ ကလပ်တစ်ခုကို ရောက်လာရင် ခင်ဗျားအနေနဲ့ အမြန်ဆုံး အထိုင်ကျနိုင်ဖို့ အမြဲကြိုးစားနေရမှာပါပဲ။ ဂိုးမသွင်းနိုင်ခင်အထိ အခွင့်အရေးတွေ ရခဲ့သေးတယ်။ ဒါပေမဲ့လည်း ဂိုးသွင်းနိုင်တဲ့အတွက် ကျွန်တော် ပျော်ပါတယ်။

အန်ဖီးလ်မှာ ပထမဆုံးအကြိမ် ကစားခွင့်ရတဲ့ပွဲမှာပဲ ပထမဆုံးဂိုးကို သွင်းနိုင်ခဲ့တယ်။ အသင်း အနိုင်ရဖို့အတွက်လည်း ကူညီပေးနိုင်ခဲ့တယ်။ ဒါက အရေးအကြီးဆုံး အရာပါပဲ” ဟု ယိုတာက ဆိုသည်။

လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် တစ်လကျော်အတွင်း တတိယအကြိမ် တွေ့ဆုံမှုအဖြစ် အောက်တိုဘာ ၁ ရက်တွင် အန်ဖီးလ်မှာပင် လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ref:liverpooltv

Facebook Comments Box
Facebook Comment