ပရီးမီးယားလိဂ် အကောင်းဆုံးဆုအား ဆွန်ဟောင်မင် ရရှိ

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်သည် အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုအား ရယူနိုင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင် ဆွန်ဟောင်မင်သည် အောက်တိုဘာလအတွင်း ကစားသော ပရီးမီးယားလိဂ်ပွဲများတွင် ၄ ဂိုးသွင်းကာ အသင်းဖော်များအတွက်လည်း ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့သောကြောင့် တစ်လတာ အကောင်းဆုံး ကစားသမားဆုအား ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

ဆွန်ဟောင်မင်၏ သွင်းဂိုးများနှင့် အသင်းအတွက် ပံ့ပိုးပေးမှုများကြောင့် စပါးသည် အောက်တိုဘာလအတွင်း ကစားသော ပရီးမီးယားလိဂ် ၅ ပွဲတွင် ရှုံးပွဲမရှိဘဲ ၄ ပွဲနိုင်၊ ၁ ပွဲသရေကျကာ အမြင့်ဆုံးရနိုင်သော ၁၅ မှတ်အနက် ၁၃ မှတ်အထိ ရယူနိုင်ခဲ့သည်။

ထို့ကြောင့် နည်းပြမော်ရင်ညို၏ စပါးသည် ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီး ရမှတ် ၁၇ မှတ်ပိုင်ဆိုင်ကာ ၁၈ မှတ်ရထားသော လက်စတာ၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး လက်ရှိချန်ပီယံ လီဗာပူးလ်က ဂိုးကွာခြားချက်ကြောင့် တတိယနေရာ၌ ရှိ နေသည်။

၂၀၁၅ ခုနှစ်တွင် အာရှသားတစ်ဦးအတွက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် ၂၂ သန်းဖြင့် လေဗာကူဆင်မှ ပြောင်းရွှေ့လာသော ဆွန်ဟောင်မင်သည် ၆ ရာသီအ တွင်း စပါးအတွက် ပြိုင်ပွဲစုံ ၂၄၂ ပွဲတွင် ၉၅ ဂိုး သွင်းယူထားသည်။

တောင်ကိုရီးယားအတွက် ၈၇ ပွဲတွင် ၂၆ ဂိုးသွင်းထားသော ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုကို ၂၀၁၆ စက်တင်ဘာ၊ ၂၀၁၇ ဧပြီလတို့တွင်လည်း ရယူဖူးရာ ယခုတစ်ကြိမ်နှင့်ဆိုပါက တတိယမြောက်အဖြစ် မှတ်တမ်းဝင်လာ မည်ဖြစ်သည်။

Ref:tottenham

Facebook Comments Box
Facebook Comment